နေဝင်သွားပြီ။ တချို့ကတော့ အလုပ်က ပြန်ရောက်လို့ ရေမိုးချိုး၊ ထမင်းစားပြီး နားနေကြပြီ။ တချို့ကတော့ ဘုရားစင်ရှေ့မှာ ထိုင်ပြီး ပုတီးစိပ်၊ မေတ္တာပို့ နေကြပြီ။ ကောင်းပါတယ်။ ကုသိုလ်စိတ် ဖြစ်တာ ကောင်းပါတယ်။

ဒါပေမဲ့ ကျွန်တော် ဒီညနေခင်းမှာ မေးခွန်းတစ်ခု မေးချင်တယ်။ နည်းနည်းတော့ ခါးမယ်။ “ခင်ဗျားတို့ ဘုရားရှေ့မှာ ထိုင်နေတဲ့အချိန်၊ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ ဘာရှိနေသလဲ။”

“ငါ့ဘဝ အဆင်ပြေပါစေ” ဆိုတဲ့ လိုချင်မှု (လောဘ) လား။ “ငါ့မိသားစု ကျန်းမာပါစေ” ဆိုတဲ့ သံယောဇဉ် (စွဲလမ်းမှု) လား။ ဒါမှမဟုတ် “ငါ ဒီလောက်လုပ်နေမှတော့ ကုသိုလ်တွေ ရမှာပဲ” ဆိုတဲ့ မာန (မျက်ကန်း ယုံကြည်မှု) လား။

တကယ်လို့ ဒီစိတ်တွေ ရှိနေမယ်ဆိုရင် ခင်ဗျားတို့ဟာ ဗုဒ္ဓကို ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ ပုံရိပ်ကို အသုံးချပြီး ခင်ဗျားတို့ရဲ့ “အတ္တ” ကို အစာကျွေးနေတာ သက်သက်ပါပဲ။

ကျွန်တော် ဒီစာကို ရေးတာ ခင်ဗျားတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ သံသရာမှာ ကြုံကြရမယ့် ဒုက္ခအစုအဝေး တွေထဲကို ခင်ဗျားတို့ မရောက်စေချင်လို့၊ ရောက်နေရင်လည်း လွတ်မြောက် စေချင်လို့ ရေးတာပါ။

၁။ ဒဏ္ဍာရီထဲက ဘုရားသခင်ကို စွန့်လွှတ်လိုက်ပါ

ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနားဝ ရှိခဲ့တဲ့ ဘုရားဆိုတာ တန်ခိုးရှင် ဆန်လွန်းနေပါတယ်။ အဋ္ဌကထာဆရာတွေ၊ နောက်ပိုင်း ပါဠိ စာရေးဆရာတွေက ဘုရားကို လူသားဘဝကနေ ဆွဲထုတ်ပြီး နတ်ဘုရားတွေလို ပုံဖော်လိုက်ကြတယ်။ မြေလျှိုးမိုးပျံတာတွေ၊ ရောင်ခြည်လွှတ်တာတွေနဲ့ ဘုရားကို မွမ်းမံလိုက်တဲ့အခါ၊ ဘုရားဟာ ကျွန်တော်တို့အတွက် “ကိုးကွယ်စရာ အရာဝတ္ထု” တန်ခိုးရှိသောပုံတော် သက်သက် ဖြစ်သွားပါတယ်။

ဒါပေမဲ့ အမှန်တကယ်ရှိခဲ့တဲ့ (သမိုင်းထဲက ဗုဒ္ဓ) က အဲဒီလို မဟုတ်ပါဘူး။ သူဟာ လူသားစစ်စစ်ပါ။ အိုမင်းရင့်ရော်မှုကို ခံစားရတယ်။ ရောဂါဝေဒနာကို ခံစားရတယ်။ သူ့ကျောကုန်းက နာကျင်လွန်းလို့ တရားဟောနေရင်း အရှင်အာနန္ဒာကို ဆက်ဟောခိုင်းပြီး ခေတ္တ လှဲလျောင်းခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။

ဒါကို ဘာလို့ ပြောပြနေရတာလဲ။ ဘုရားကို နှိမ့်ချချင်လို့လား။ မဟုတ်ပါဘူး။ ဘုရားဟာ လူသားစစ်စစ် ဖြစ်ရက်နဲ့၊ ဒီလောက် ပြင်းထန်တဲ့ ခန္ဓာဒုက္ခတွေကြားထဲကနေ လွတ်မြောက်မှု (သစ္စာလေးပါး) ကို ရယူပြသွားတယ် ဆိုတာကသာ ကျွန်တော်တို့အတွက် တကယ့် ခွန်အားမို့လို့ပါ။

“သူ လုပ်နိုင်ရင်၊ ငါလည်း လုပ်နိုင်ရမယ်” ဆိုတဲ့ ယုံကြည်ချက် ဟာ အဲဒီက လာတာပါ။ တန်ခိုးရှင်ကို မျှော်ကိုးနေရင် ခင်ဗျားတို့ ဘဝတစ်လျှောက်လုံး သူတောင်းစားလို ဆုတောင်းနေရုံကလွဲပြီး ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။

၂။ ခင်ဗျားက တစ်လုံးတစ်ခဲတည်း မဟုတ်ဘူး (အကြီးကျယ်ဆုံးသော အထင်မှားမှု)

ကျွန်တော်တို့အားလုံး မှားနေကြတဲ့ အကြီးမားဆုံး အမှားကတော့ – “ဒါ ငါပဲ”၊ “ဒါ ငါ့စိတ်ပဲ”၊ “ဒါ ငါ့ခန္ဓာကိုယ်ပဲ” ဆိုပြီး စွဲလမ်းနေတာပါပဲ။ ပါဠိလိုတော့ သက္ကာယ ဒိဋ္ဌိ၊ ထင်ရှားရှိသော ခန္ဓာငါးပါးပေါ်မှာ ငါပဲ လို့စွဲယူမှု ဖြစ်ပါတယ်။

ဒီအစွဲက ဘယ်လောက် ကြောက်စရာကောင်းသလဲဆိုရင်၊ ကျွန်တော်တို့ ဒုက္ခရောက်သမျှ၊ ငိုကြွေးသမျှ၊ သံသရာ လည်သမျှဟာ ဒီ “ငါ” ဆိုတဲ့ အထင်မှားမှုကြီးကို အဟုတ်ထင်နေလို့ပါပဲ။

ဥပမာတစ်ခု ပြောပြမယ်။ မြစ်တစ်စင်းကို ခင်ဗျား ကြည့်လိုက်တယ်။ “ဧရာဝတီမြစ်” လို့ ခင်ဗျား ခေါ်တယ်။ ခင်ဗျား မျက်လုံးထဲမှာတော့ အဲဒီမြစ်က မနေ့ကလည်း ဒီမြစ်ပဲ၊ ဒီနေ့လည်း ဒီမြစ်ပဲ။ တည်မြဲနေတဲ့ အရာတစ်ခုလို ထင်ရတယ်။ ဒါပေမဲ့ အမှန်တရား (ပရမတ်မှာ) မှာ “မြစ်” ဆိုတာ ရှိသလား။ မရှိပါဘူး။ စီးဆင်းနေတဲ့ ရေမော်လီကျူး ပေါင်း ကုဋေကဋာချီပြီး အဆက်မပြတ် စီးဆင်း ပြောင်းလဲနေတဲ့ ဖြစ်စဉ် တစ်ခုပဲ ရှိပါတယ်။ ခင်ဗျား အခုမြင်တဲ့ ရေဟာ လွန်ခဲ့တဲ့ တစ်စက္ကန့်က ရေ မဟုတ်တော့ဘူး။

လူဆိုတာလည်း အဲဒီအတိုင်းပါပဲ။ ခင်ဗျားတို့ မှန်ထဲမှာ မြင်နေရတဲ့ “ကိုယ်ထည်ကြီး” ဟာ တစ်ချိန်တည်း တည်ရှိနေတဲ့ အရာဝတ္ထု မဟုတ်ပါဘူး။ ခဏမစဲ ဖောက်ပြန်ပျက်စီး ဖြစ်ပျက်နေတဲ့ ရုပ် နဲ့ နာမ် အစုအဝေးကြီး သက်သက်ပါပဲ။

၃။ စိတ်ကို ခွဲစိတ်ခြင်း (သိပ္ပံနည်းကျ လေ့လာစမ်းစစ်ခြင်း)

ဗုဒ္ဓက ကမ္ဘာပေါ်မှာ အတော်ဆုံး သိပ္ပံပညာရှင်ပါ။ သူက အပြင်လောကကို မလေ့လာဘဲ၊ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ဓာတ်ခွဲခန်း အဖြစ် သတ်မှတ်ပြီး စောင့်ကြည့်ခဲ့တာပါ။ သူ ဘာတွေ့ခဲ့သလဲ။ ပရမတ္ထတရား ၄ ပါး ကို တွေ့ခဲ့တယ်။

စိတ် : သိတတ်တဲ့ သဘောသက်သက်။ သူက ဘာအရောင်မှ မရှိဘူး။ ဘာပုံသဏ္ဍာန်မှ မရှိဘူး။ အာရုံတစ်ခု လာတိုက်ရင် “သိ” လိုက်တဲ့ သဘောပဲ ရှိတယ်။

စေတသိက်: စိတ်ကို အရောင်ဆိုးတဲ့ အရာတွေ။ ဒေါသ၊ လောဘ၊ မာန၊ မေတ္တာ၊ ပညာ စသဖြင့်ပေါ့။ ခင်ဗျား ဒေါသထွက်တဲ့အခါ “ငါ ဒေါသထွက်တယ်” လို့ မမြင်ပါနဲ့။ “စိတ် ပေါ်မှာ ဒေါသ (စေတသိတ်) လာပေါင်းစပ်ပြီး လောင်ကျွမ်းနေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပျက်သွားတာ” လို့ မြင်အောင် ကြည့်ပါ။ မိုးရွာရင် မိုးတိမ်ကြောင့် ရွာတာပဲ။ “ငါ ရွာချင်လို့ ရွာတာ” မဟုတ်သလိုပေါ့။

ရုပ်: ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘော။ ပူတာ၊ အေးတာ၊ လှုပ်ရှားတာ၊ ငြိမ်သက်တာ။ ခင်ဗျား ခြေထောက်နာတယ် ဆိုပါစို့။ “ငါ့ခြေထောက် နာတယ်” လို့ ထင်နေသရွေ့ ခင်ဗျား ခံစားရဦးမှာပဲ။ တကယ်တမ်း ဉာဏ်နဲ့ ခွဲကြည့်လိုက်ရင် – “နာကျင်မှု ဝေဒနာ” တစ်ခုနဲ့၊ အဲဒါကို သိနေတဲ့ “စိတ်”၊ ပြီးတော့ ဖောက်ပြန်နေတဲ့ “ရုပ်” ဒီသုံးခုပဲ ရှိတယ်။ အဲဒီမှာ “ငါ” ဆိုတဲ့ ကောင် ဘယ်နားမှာ သွားကပ်နေသလဲ။ ရှာကြည့်စမ်းပါ။

နိဗ္ဗာန် : ဒီ ရုပ်နာမ်ဖြစ်စဉ်ကြီး၊ ဒီလောင်စာတွေ ငြိမ်းအေးသွားတဲ့ သဘော။

၄။ ကျွန်တော့်ရဲ့ အမှောင်ခေတ်များနှင့် သင်ခန်းစာ

ကျွန်တော် ဒီအကြောင်းတွေကို စာအုပ်ကြီး စာအုပ်ငယ်နဲ့ ရေးနေတာ ဆရာလုပ်ချင်လို့ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင် သေမင်းနဲ့ စစ်ခင်းပြီးမှ ရလာတဲ့ အတွေ့အကြုံတွေမို့လို့ပါ။

လွန်ခဲ့တဲ့ နှစ်အနည်းငယ် (၂၀၁၆-၂၀၁၇ ဝန်းကျင်) တုန်းက ကျွန်တော် ဘဝပျက်ခဲ့ဖူးတယ်။ အရက်၊ ဆေး၊ စိတ်ကျရောဂါ။ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံအထိ ရောက်ခဲ့ရတဲ့ အနေအထား။ သေချင်လွန်းလို့ ကြိုးဆွဲချခဲ့ဖူးတဲ့ အဖြစ်အပျက်တွေ။ အဲဒီတုန်းက ကျွန်တော် ခံစားခဲ့ရတဲ့ ဒုက္ခ ဟာ အကောင်အထည်ကြီးနဲ့ပါ။ “ငါ ခံစားနေရတယ်၊ ငါသူများတွေကို ဒုက္ခပေးမိပြီ” ဆိုတဲ့ အစွဲက ကျွန်တော့်ကို မီးလို လောင်ကျွမ်းစေခဲ့တယ်။

ဒါပေမဲ့ ဝိပဿနာ ဆိုတဲ့ မှန်ပြောင်းနဲ့ ကြည့်လိုက်တဲ့ အချိန်မှာတော့… ဟောဒီ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ ဒုက္ခတွေဟာ “ငါ့ ဒုက္ခ” မဟုတ်ဘူး ဆိုတာကို သဘောပေါက်လိုက်တယ်။ ဒါဟာ သဘာဝတရားရဲ့ အကြောင်းအကျိုး အရ ဖြစ်ပေါ်နေတဲ့ ဓမ္မသဘော (အကြောင်းဓမ္မကြောင့် ဖြစ်တဲ့ အကျိုးဓမ္မ) တွေ သက်သက်ပါလားလို့ မြင်လိုက်တဲ့အချိန်မှာ၊ ကျွန်တော့် ပေါ့ပါးသွားခဲ့ပါတယ်။

ဉာဏ်စဉ် ၁၆ ပါးဆိုတာဟာ ကျွန်တော့်ကို ငရဲကနေ ဆွဲတင်ပေးခဲ့တဲ့ လက်တစ်စုံပါပဲ။ ဘယ်ဘုရားသခင်ကမှ ဆင်းကယ်ပေးခဲ့တာ မဟုတ်ပါဘူး။ ဗုဒ္ဓ ပေးခဲ့တဲ့ နည်းလမ်းကို ကိုယ်တိုင် လက်တွေ့ သုံးစွဲလိုက်လို့ ရလာတဲ့ ရလဒ် ပါ။

၅။ ရွတ်ဖတ်နေရုံနဲ့ မပြီးပါ

ဒါကြောင့် မိတ်ဆွေတို့ကို ပြောချင်တာက – ညဘက် ဘုရားရှိခိုးတာ ကောင်းပါတယ်။ ဒါပေမဲ့ ပါးစပ်က “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” လို့ ရွတ်နေပြီး၊ စိတ်ထဲမှာ “ငါ၊ ငါ့သား၊ ငါ့မယား၊ ငါ့စီးပွားရေး” ဆိုတဲ့ အစွဲတွေနဲ့ ပြည့်နှက်နေရင် ခင်ဗျားတို့ဟာ ကြက်တူရွေး စာအော်နေတာနဲ့ ဘာမှ မထူးပါဘူး။

တကယ့် ဗုဒ္ဓလမ်းစဉ်ဆိုတာ ဉာဏ်ပညာနဲ့ ချဉ်းကပ်ခြင်း ပါ။ ခံစားချက်နဲ့ ကိုးကွယ်ခြင်း မဟုတ်ပါဘူး။

ခင်ဗျားတို့ ဒေါသထွက်လာရင် ရေတစ်ခွက် သောက်ပြီး စောင့်ကြည့်လိုက်ပါ။ “ဪ… ဒေါသစိတ် တစ်ခု ဖြစ်ပေါ်လာပါလား။ သူဟာ အကြောင်းကြောင့် ဖြစ်လာတာပဲ။ သူက ငါ မဟုတ်ဘူး။ ငါက သူ့ကို ပိုင်တာလဲ မဟုတ်ဘူး။ ခဏနေရင် သူ ပျက်သွားလိမ့်မယ်။” အဲဒီလို ရှုမြင်နိုင်တာဟာ ဘုရားကျောင်းကန် သွားနေတာထက် ကုသိုလ် အဆပေါင်းများစွာ ပိုကြီးပါတယ်။ ဘာလို့လဲဆိုတော့ သက္ကာယဒိဋ္ဌိ (အတ္တဒိဋ္ဌိဆိုတဲ့ အစွဲ) ကို တူနဲ့ ထုခွဲလိုက်လို့ပါပဲ။

နိဂုံး

ဗုဒ္ဓသာသနာဆိုတာ “ယုံကြည်ခြင်း” အပေါ်မှာ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ “သိမြင်ခြင်း” အပေါ်မှာ တည်ဆောက်ထားတာပါ။

ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်ဟာ စက်ရုံတစ်ရုံ လိုပါပဲ။ ရုပ်နဲ့ နာမ်တွေ အလုပ်လုပ်နေကြတယ်။ အဲဒီ စက်ရုံထဲမှာ ထိန်းချုပ်သူ (ပိုင်ရှင်) မရှိပါဘူး။ အကြောင်းအကျိုးတွေအရ လည်ပတ်နေတာပါ။ အဲဒီအမှန်တရားကို မမြင်သရွေ့ ခင်ဗျားတို့ ပင်ပန်းနေဦးမှာပဲ။ မြင်အောင် ကြည့်ကြပါ။ မကြည့်တတ်ရင် သင်ယူကြပါ။

ဗုဒ္ဓက “ငါ့ကို ကိုးကွယ်ကြလော့” လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ လာလှည့် ရှုလှည့် လို့ပဲ ပြောခဲ့တာပါ။

ဒါကြောင့် ဒီညနေမှာ ဘုရားစင်ရှေ့ ရောက်ရင်… ဆုမတောင်းပါနဲ့တော့။ ခင်ဗျားရဲ့ စိတ်ကလေးကိုပဲ ငြိမ်ငြိမ်လေး ပြန်ကြည့်လိုက်ပါ။ အဲဒီမှာ ခင်ဗျား ရှာနေတဲ့ အဖြေ ရှိပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *