ဒီအပိုင်းမှာတော့ ဥဒယဗ္ဗယဉာဏ် ကနေစပြီး ပြောပြမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဖြစ်ပျက် မြင်တဲ့ဉာဏ် ဆိုပါစို့။ ဒီအပိုင်းမှာ အလျဉ်းသင့်လို့ ပြောရရင် ကျနော့်စာဖတ် ပရိတ်သတ်များထဲမှာ အနတ္တနဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြလွန်းလို့ ဉာဏ်ရှင်းပေမယ့် အနိစ္စနဲ့ ပါတ်သက်ပြီး ရှေ့မရောက်တဲ့ သူတွေလဲ ရှိပါတယ်။ အဲဒီတော့ အဲလို မိတ်ဆွေများအတွက် ကျနော် ဖြစ်ပျက် မြင်တဲ့ ဉာဏ်နဲ့ပါတ်သက်လို့ နောက်ပိုင်းမှာ အရေးများမယ်လို့ ပြောချင်ပါတယ်။ ကျနော့်အနေနဲ့က စာရေးတယ် ဆိုရာမှာ အဓိက ဦးတည်ချက်က ကျနော် မသေခင်မှာ သာသနာအတွက် ရေးဖို့ လိုအပ်တာတွေ ရေးသွားမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေးနေခြင်း ဖြစ်ပါတယ်။ အနတ္တနဲ့ပါတ်သက်လို့ ရှင်းပြတာ အတော်နည်းနေတယ်၊ ကျနော်ကိုယ်တိုင်ကလဲ အနတ္တကို ရှင်းလင်းအောင် နှစ်နဲ့ချီ ကြိုးစားခဲ့တာမို့ အနတ္တကို ရေးဖို့ လိုအပ်တာတွေ တော်တော်ရေးဖြစ်ပါတယ်။ အခုအပိုင်းမှာတော့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်အကြောင်းကို အထူးရေးသွားမယ်လို့ စဉ်းစားထားပါတယ်။

ကျနော်တို့က ဖြစ်ပျက်မြင်တယ် ဆိုတဲ့နေရာမှာ ဘာကို အဓိကထားရှုမလဲ ဆိုတော့စိတ်ကို အဓိက ထား ရှုမှာဖြစ်ပါတယ်။ စိတ္တာနုပဿနာ နည်းပဲ အဓိကထားမှာပါ။ ကျနော်ကိုယ်တိုင်လဲ စိတ္တာနုပဿနာနဲ့ ခရီးရောက်ခဲ့တာပါ။ စိတ်ရဲ့ ဖြစ်ပျက်ကို ရှုတယ် ဆိုတဲ့နေရာမှာ အများအားဖြင့် အဓိက ထားကြတာက သီလ ဆောက်တည်မယ် ပြီးရင် သမာဓိ ထူထောင်မယ် ပြီးရင်တော့ ပညာ ဖြစ်အောင် စိတ်ဖြစ်ပျက်ကို ရှုမယ် ဆိုတာမျိုးပါ။ ကျနော့်အနေနဲ့ကတော့ သီလဆောက်တည်တာကို ချီးကျုးသလို လုပ်သင့်တဲ့ ကိစ္စလို့ မြင်ပါတယ်။ ဒါပေမယ့်လည်း တရားအားထုတ်တာကို ဇောက်ချ မလုပ်နိုင်သူတွေမှာ သီလကို ဆောက်တည်ဖို့ အဓိက မထားနိုင်ကြပါဘူး။ ဆိုတော့ သာမာန်လူတွေအတွက် စကတည်းက ယဉ်သကိုး ဆိုသလို သီလ မဆောက်တည်နိုင်လို့ တရားအားမထုတ်နိုင်တော့ဘူး ဆိုတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကို ကျနော် ကန့်ကွက်ပါတယ်။ သီလဆောက်တည်တာ ကောင်းတာ မှန်ပေမယ့် ပုံမှန် ပုထုဇဉ်ဘဝ သီလ မလုံနိုင်ပဲ သွားရင်းလာရင်း စားရင်းသောက်ရင်းနဲ့ပဲ တရားအားထုတ်မှု လုပ်ဖြစ်ဖို့ကို အထူးဦးစားပေးပါတယ်။ သီလအရင် ရက်ရှည်မဆောက်တည်ပဲ တရားနာတဲ့အချိန်မှာ တရားဆင်ခြင်တဲ့အချိန်မှာ သီလလုံရင်းနဲ့ မဂ်ဖိုလ် ရသွားသူတွေ ဆိုတာဟာ ဥပမာ ပြစရာ များလွန်းပါတယ်။ ဒီတော့ ငါ ကဖြင့် သီလမဆောက်တည်နိုင်ဘူး ဒီဘဝတော့ တရားအားထုတ်ဖို့ ခက်ရချည်ရဲ့ ဆိုတာမျိုး မတွေးစေလိုပါဘူး။ သီလ သမာဓိ ပညာ ဆိုတဲ့ သာသနာ ဖြစ်ပေမယ့် ပညာ ရှေ့ကသွားရင် နောက်ကနေ သီလ ဆိုတာ လိုက်လာတာပါပဲ။ ဥပမာ ပြောရရင် သမ္မာကမ္မတ၊ သမ္မာအာဇီဝ၊ သမ္မာဝါစာ ဆိုတဲ့ သီလ သုံးပါးဟာ မဂ်ဖိုလ် ကျတဲ့အချိန်မှ လုံသွားတာပါ။ ဒါကြောင့် ဒီနေရာမှာ သီလကို မဖြစ်မနေ ရက်ရှည်စောင့်စရာ မလိုဘူးလို့ပဲ ရဲရဲ ပြောပါရစေ။ (တကယ်လို့ သီလစောင့်နိုင်ရင်တော့ တရားအားထုတ်တာ ပိုခရီးရောက်ပါတယ်။ ဒါကြောင့် သွားရင်းလာရင်း တရားအားထုတ်သူ အနေနဲ့လဲ သီလကို တတ်နိုင်သလောက် စောင့်စည်းနေရင် အကျိုးပိုများပါလိမ့်မယ်)

အဲဒီတော့ ဒီနေရာမှာ ပြောဖို့ လိုလာတာက မဂ္ဂင် ငါးပါး ပါ။ ပိဋကတ်တော်မှာ အင်္ဂါငါးပါးရှိသော မဂ္ဂင်လို့ ဆိုထားပါတယ်။ အဲဒါကတော့ သမ္မာ ဒိဋ္ဌိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာ ဝါယာမ၊ သမ္မာသတိ နဲ့ သမ္မာ သမာဓိပါ။ အဓိက ဦးဆောင်တဲ့ မဂ္ဂင်ကတော့ သမ္မာဝါယာမ ပါ။ သမ္မာဝါယာမ ဆိုတာက မှန်ကန်သော ကြိုးစားမှုလို့ ပြောရပါမယ်။ မှန်ကန်သော ကြိုးစားမှု ဆိုတာကတော့ တရားအားထုတ်ဖို့ ကြိုးစားတာ၊ ရုပ် သို့မဟုတ် နာမ်ကို ဆင်ခြင်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ မှန်ကန်သော ကြိုးစားမှုနဲ့ ဘာကို ကြိုးစားရသလဲ ဆိုတော့ မှန်ကန်သော ဆင်ခြင်မှုကို ကြိုးစားရပါတယ်။ မှန်ကန်သော ဆင်ခြင်မှု ဆိုတာက ရုပ် သို့မဟုတ် နာမ်ကို ဆင်ခြင်တာပဲဖြစ်ပါတယ်။ ရုပ် နဲ့ နာမ် ခန္ဓာလေးပါးရှိတဲ့ အထဲက တခုခုကို ဆင်ခြင်ရပါတယ်။ စိတ္တာနုပဿနာ ဆိုတော့ စိတ်ကိုပဲ ဆင်ခြင်ကြရအောင်ပါ။ စိတ်ကို ဆင်ခြင်တယ် ဆိုတာက ဘာကို ပြောတာလဲ ဆိုတော့ သတိထားပြီး စိတ်ရဲ့ ဖြစ်မှု ပျက်မှုကို ဆင်ခြင်တာပါ။ ဒီနေရာမှာ ဆင်ခြင်စရာ စိတ်က ၁၄ မျိုးရှိပါတယ်။ မြင်စိတ်၊ ကြားစိတ်၊ အနံ နံစိတ်၊ အရသာသိစိတ်၊ သုခ ခံစားစိတ်၊ ဒုက္ခ ခံစားစိတ်၊ ကြံတွေးစိတတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ ဝင်လေရှုသွင်းချင်စိတ်၊ ထွက်လေရှုထုတ်ချင်စိတ်တို့ပဲ ဖြစ်ပါတယ်။ စိတ်ကို ရှုတဲ့နေရာမှာ ပရမတ် (စိတ်) ဆိုပြီးရှုရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အသံကြားရင် ဘာသံကြားရတယ် ပျက်သွားတယ်လို့ မမှတ်ပဲ၊ ကြားစိတ် ဖြစ်တယ် ပျက်တယ်လို့ မှတ်ရမှာ ဖြစ်ပါတယ်။ (အနိစ္စ- ဖြစ်ပျက်) ကို ဆင်ခြင်တာ ဆိုကြပါစို့။ အဲဒီအခါမှာ သတိထားတယ် ပြောကတည်းက သမ္မာ သတိ ဆိုတဲ့ မဂ္ဂင်က ပြည့်သွားပါပြီ။ သမ္မာဝါယာမ ပြည့်ပြီ၊ သမ္မာ သင်္ကပ္ပ ပြည့်ပြီ၊ သမ္မာ သတိ ပြည့်ပြီ ဆိုရင် သမ္မာသမာဓိက (ခဏိက သမာဓိ) အနေနဲ့ နောက်လိုက် မဂ္ဂင် ဖြစ်လာပါပြီ။ သမာဓိကို အထူး တည်ထောင်စရာ မလိုတော့ပါဘူး။ ဒါဆိုရင်တော့ စိတ်ရဲ့ အနိစ္စ အချက် (ပျက်သွားတယ် ဆိုတဲ့အချက်) ကို မြင်လို့ ပျက်သွားတာ အမှန်ပါလားလို့ ဆုံးဖြတ်ချက် ချလိုက်နိုင်တာကတော့ သမ္မာ ဒိဋ္ဌိ မဂ္ဂင်ပါပဲ။ မိတ်ဆွေများ သတိထားကြည့်ပါ၊ မဂ္ဂင်ငါးပါး ပြည့်ဖို့ ဆိုတာ သိပ်မခက်ပါဘူး။ အာရုံစိုက်ပြီး သတိထားလိုက်တယ် ဆိုကတည်းကိုက မဂ္ဂင် သုံးပါး (သတိ၊ သမာဓိ၊ ဝါယာမ) ပြည့်စုံပါပြီ။ မှန်ကန်စွာနဲ့ စိတ်ရဲ့ အပျက်ကို ဆင်ခြင်တယ် အမှန်ဆုံးဖြတ်တယ် ဆိုရင် ပညာ မဂ္ဂင်နှစ်ပါး (အမှန်ကြံစည်ခြင်းနဲ့ အမှန်သိခြင်း) ပြည့်သွားပါပြီ။ သိပ်မခက်လှပါဘူး။ ဘယ်သူမဆို လုပ်နိုင်ပါတယ်။

ဒီတော့ ပထမဆုံးအနေနဲ့ သွားရင်းလာရင်း အားထုတ်လို့ ရအောင် ပြောပါ့မယ်။ ဥပမာ ဒေါသထွက်တယ် ဆိုကြပါစို့၊ ဒေါသစိတ်က သေးရာက ကြီး၊ ကြီးရာက ပေါက်ကွဲတဲ့ထိ ဖြစ်တတ်ပါတယ်။ အဲဒီမှာ ဒေါသ စထွက်ကတည်းက သတိထားလိုက်ရင် ဒေါသ စိတ် ဖြစ်တယ် ဆိုတာရော သတိထားလိုက်တဲ့အတွက်ကြောင့် ဒေါသစိတ် ပျက်သွားတယ် ဆိုတာရော သဘောပေါက်နိုင်ပါတယ်။ ပုထုဇဉ်တွေဟာ ဒေါသတွေကို ဒီခန္ဓာကိုယ်ကြီးထဲက ထွက်နေတယ်လို့ ထင်ပေမယ့် တကယ်တော့ ရုပ် နဲ့ နာမ် သဘောအရ ဒေါသစိတ်ဟာ နာမ်တရားပါ၊ အကောင်အထည်လဲ မရှိပါဘူး။ အာရုံ (အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ) နဲ့ ဒွါရ (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) တို့ ထိတွေ့မိလို့သာ ဒေါသ စိတ်ဟာ ဖြစ်လာခဲ့ရတာပါ။ ဒေါသ စိတ် ဖြစ်ပြီ ဆိုရင် သတိထားလိုက်ပါ။ ဒေါသစိတ် ဖြစ်တယ်လို့ သတိထားလိုက်ပါ။ ဒါဆိုရင် စိတ်ရဲ့ အဖြစ်ကို တွေ့ပါပြီ။ စိတ်ဟာ အချိန်တိုင်းဆိုသလို ဖြစ်ဖြစ်နေတတ်တဲ့ သဘောရှိပါလား ဆိုတာကိုလဲ သဘောပေါက်လာ ပါလိမ့်မယ်။ ပထမ ပိုင်းမှာ စိတ်ရဲ့ အပျက်ကို မြင်ဖို့ ခက်နေမှာ ဖြစ်ပေမယ့် ဖြစ်တိုင်း သတိထားနေမယ် ဆိုရင် အဖြစ်ကို မြင်လာပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ သတိထားလိုက်တိုင်း စိတ်ဟာ ပျက်သွားပါလား ဆိုတာကိုပါ သဘောပေါက် လာပါလိမ့်မယ်။ ဒါဆိုရင် အပျက်ကို မြင်တာပါပဲ။ အဲဒီတော့ မိတ်ဆွေများကို ထိုင်နေတဲ့ အချိန်မှ မဟုတ်ပဲ (တရားထိုင်နေစရာ အထူးမလိုပဲ) သွားရင်းလာရင်း စိတ်ရဲ့ ဖြစ်မှုကို သတိထား နေဖို့ ပြောချင်ပါတယ်။ သွားရင်း လာရင်း ဒေါသစိတ် ဖြစ်လာပြီဆို သတိထားလိုက်ပါ။ ဒေါသစိတ်တခု ဖြစ်လာပါလားလို့ ဆင်ခြင်လိုက်ပါ။ စိတ်ဟာ အကြောင်းတိုက်ဆိုင်တဲ့အခါမှာ ဖြစ်တာ အမှန်ပဲ လို့ ဆုံးဖြတ်လိုက်ပါ။ (ဒီမှာတင် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာ ဒိဋ္ဌိ၊ သမ္မာသမာဓိ ပြည့်နေကြောင်း နောက်ပိုင်းသိလာပါလိမ့်မယ်။) အဲလိုပဲ သတိထားရင်း ထားရင်းနဲ့ သတိထားလိုက်တာနဲ့ ဒေါသဟာ ခဏ ရပ်သွားတယ် ဆိုတာမျိုး မြင်လာပါလိမ့်မယ်။ ဒီနေရာ လုပ်ပြီး မရှုပါနဲ့၊ ဖြစ်ကြောင်းကို သေချာ မသိသေးရင် အဖြစ်ကိုပဲ အာရုံစိုက်ပြီး သတိထားပါ။ အဓိက က စိတ်ကို အာရုံစိုက်ပြီး သတိထားဖို့က လိုရင်းပါပဲ။ ဒေါသစိတ် ဖြစ်လာမယ်၊ သတိထားပြီး အာရုံစိုက်လိုက်မယ်၊ အကြောင်းတိုက်ဆိုင်ရင် ဖြစ်တတ်ပါလားလို့ ဆင်ခြင်မယ်၊ အသစ်ဖြစ်လာတာ အမှန်ပဲလို့ ဆုံးဖြတ်လိုက်မယ်။ ဒါကိုပဲ အထပ်ထပ် အခါခါ လုပ်နေယုံပါပဲ။ သတိထားပါ များလေလေ ဒေါသစိတ်ကို ထိန်းနိုင်လာလေလေပါပဲ။ ဒေါသထွက်လာမယ်၊ အာရုံစိုက်လိုက်မယ်၊ သတိထားလိုက်မယ်၊ ဖြစ်တတ်တဲ့ သဘောကို ဆင်ခြင်မယ်၊ ဖြစ်တတ်တာ အမှန်ပဲလို့ ဆုံးဖြတ်ချက်ချလိုက်မယ်။ ဒါဆိုရင် ရပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ အချိန်များများ ပေးပါ။ ကျနော်ကတော့ နေ့စဉ် တနေ့ တနာရီ၊ နှစ်နာရီလောက် တရားထိုင်တာထက်၊ တနေ့လုံးလိုလို အချိန်လေး နည်းနည်းရလိုက်တာနဲ့၊ ဒေါသလေး လောဘလေး ဖြစ်လိုက်တာနဲ့ အာရုံစိုက်လိုက် (ခဏိက သမာဓိ)၊ သတိထားလိုက် (သမ္မာသတိ)၊ ဆင်ခြင်လိုက် (သမ္မာသင်္ကပ္ပ)၊ ဆုံးဖြတ်လိုက် (သမ္မာဒိဋ္ဌိ)၊ ကြိုးစားနေဖို့ (သမ္မာဝါယာမ) ကိုပဲ အဓိက ထားပါတယ်။ အဲဒါဟာ အင်္ဂါငါးပါးရှိသော လောကီ မဂ်ပါပဲ။

ပထမ ပိုင်းမှာတော့ စိတ်ရဲ့ အဖြစ်ကိုပဲ သဘောပေါက်လာ ပါလိမ့်မယ်။ ပြီးရင် တခါတည်း အကြောင်းကို ရှာလိုက်ပါ။ ငါမကြိုက်တာကို မြင်လို့ ဒေါသဖြစ်တာပဲ (မျက်စိ နဲ့ အဆင်းတိုက်လို့)၊ ငါ မကြိုက်တဲ့ အသံကြားလို့ ဒေါသဖြစ်တာပဲ (အသံ နဲ့နား တိုက်လို့)၊ ဒီအကြောင်း စိတ်ထဲရောက်လာလို့ ဒေါသဖြစ်တာပဲ (ကြံတွေးစရာ နဲ့ စိတ်တိုက်လို့) စသဖြင့် စိတ်တွေရဲ့ ဖြစ်မှု တွေကို မြင်လာမှာပါ။ ကြာလာတဲ့အခါ မမြင်ချင်လို့လဲ မရ၊ မကြားချင်လို့လဲ မရ သူ့သဘော သူဆောင်ပြီး ဖြစ်နေတာပဲ လို့ ဆုံးဖြတ်နိုင်လာပါလိမ့်မယ်။ ဒါတွေကို ရှောင်လာရင်လဲ စောင့်ထိန်းမှု ဆိုတဲ့ တရားပဲ၊ သူသည်လည်း သူ့သဘောသူဆောင်နေခြင်းပဲ စသဖြင့် ဆုံးဖြတ်ပေးလိုက်ပါ။ အနတ္တကိုပါ တပါတည်း ဆင်ခြင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီလိုနဲ့ အဖြစ်ကို မြင်ပြီဆိုရင်တော့ သတိထားလိုက်တဲ့ အချိန်မှာ အမှန်မြင်မှု ထိရောက်သွားပြီး စိတ်ကလေး နည်းနည်း အပူလျော့သွားတာ ကိုပါ သဘောပေါက်လာပါလိမ့်မယ်။ ဒါဟာ ဝေဒနာ နောက်မှာ မဂ်လိုက်တာပဲ၊ ဒေါသစိတ် လောဘစိတ်ရဲ့ ဖြစ်ပြီးရင် ပျက်သွားတဲ့ သဘောပဲ လို့ပါ ဉာဏ်ထဲမှာ ရှင်းလာပါလိမ့်မယ်။ ဒီအခြေအနေကိုရောက်ဖို့ အဓိက ထားရတာပါ။ အဲဒါဆိုရင်တော့ တဖြည်းဖြည်းနဲ့ စိတ်ကလေး တခု ဖြစ်လာတယ်။ သတိထားလိုက်တယ်၊ အဖြစ်ကိုရော အပျက်ကိုပါ မြင်တယ် ဆိုတဲ့ အခြေအနေကို ရောက်လာပါလိမ့်ယ်။ စာအနေနဲ့ အတော်ရှည်ပေမယ့် တကယ် လုပ်ရမှာကတော့ အရှည်ကြီး မဟုတ်ပါဘူး။ ပထမ ပိုင်း စိတ်ရဲ့ အဖြစ်ကို မြင်မယ်၊ နောက်ပိုင်းမှာ စိတ်ရဲ့ အပျက်ကို မြင်မယ်။ ဒါပါပဲ။ ဒီအထိကိုပဲ ပိုင်နိုင်အောင် သွားရင်း လာရင်းနဲ့ အချိန်ရသ၍ ဆင်ခြင် စေချင်ပါတယ်။ ဒါဆိုရင် မိတ်ဆွေ ရခဲလှတဲ့ ဖြစ်ပျက်ကို မြင်ခြင်းဆိုတာကို ရပါပြီ။


Leave a Reply

Your email address will not be published. Required fields are marked *