ပဋိစ္စသမုပါဒ် ဆိုတာကတော့ ခန္ဓာဖြစ်စဉ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ တရားအားထုတ် တဲ့ အပိုင်းမှာတော့ ပဋိစ္စသမုပါဒ် ထဲက ပစ္စုပ္ပန် ဖြစ်ပျက်ကိုပဲ အဓိက ထားပြီး တရားအားထုတ်တဲ့ နေရာမှာ အသုံးတည့်အောင် ပြောပြမှာ ဖြစ်ပါတယ်။ ပဋိစ္စသမုပါဒ်ထဲက ပစ္စုပ္ပန်ကို ကြည့်မယ် ဆိုရင် ဝိဉာဏ်ကြောင့် နာမရူပဖြစ်၊ နာမရူပ ကြောင့် သဠာယတနရှိ၊ သဠာယတနကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာန ဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန် ဖြစ်၊ ဥပါဒါန်ကြောင့် ကမ္မဘဝ (ကာယကံ စေတနာ၊ ဝစီကံစေတနာ၊ မနောကံ စေတနာ) ဖြစ် ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော်တို့က ဒီလို ဖြစ်စဉ်ထဲက တရား တခုစီကို ကိုယ့် ခန္ဓာမှာ တိုက်ဆိုင် စစ်ဆေးပြီး နာမည်တပ်ဖို့ လိုအပ်ပါတယ်။ အဲဒီထဲက မှ ဝိဉာဏ် ဆိုတာကတော့ ပဋိသန္ဓေ ဝိဉာဏ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ပဋိသန္ဓေဝိဉာဏ် ဖြစ်တဲ့အခါမှာ နာမ် နဲ့ ရုပ်ဟာ တပေါင်းတည်းဖြစ် သတ္တိနဲ့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ဒီနှစ်ခုကို ပြန်ရှုလို့ မရတော့ပါဘူး။ ရှုနိုင်တာကတော့ သဠာယတန ခေါ်တဲ့ ဒွါရ ခြောက်ပါး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတာကို ရှုနိုင်ပါတယ်။ အဲဒီတော့ မျက်စိမှာ အဆင်းဆိုတဲ့ အာရုံနဲ့ ဖဿ ဖြစ်မယ်၊ နားမှာ အသံဆိုတဲ့ အာရုံနဲ့ ဖဿဖြစ်မယ်၊ နှာခေါင်းမှာ အနံအာရုံနဲ့ ဖဿ ဖြစ်မယ်၊ လျှာမှာ အရသာနဲ့ ဖဿ ဖြစ်မယ်၊ ကိုယ်မှာ အထိအတွေ့အာရုံနဲ့ ဖဿ ဖြစ်မယ်။ စိတ်မှာ ကြံစည်မှု သို့မဟုတ် အတွေး သို့မဟုတ် ကြံတွေးစရာနဲ့ ဖဿ ဖြစ်ပါတယ်။
အဲဒီတော့ အသံကြားလိုက်တယ် ဆိုရင်၊ အသံဟာ ဖဿ ဖြစ်ပြီး ဝေဒနာ ဖြစ်တာဆိုတာကို သိရပါမယ်။ ဝေဒနာ ဆိုတဲ့ နေရာမှာ အဓိက အားဖြင့် သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဆိုတဲ့ ဝေဒနာ သုံးပါးကို ဆင်ခြင်ရပါတယ်။ အဲဒီထဲကမှ ဥပေက္ခာဝေဒနာ ဆိုတာ သိကောင်းတဲ့ ဝေဒနာ မဟုတ်ပါဘူး။ ကြံစည်ပြီး သိရတဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မျက်စိက မြင်တယ် ဆိုတာဟာ အဆင်းနဲ့ မျက်စိ တိုက်ပြီး ဥပေက္ခာ ဝေဒနာ ပေါ်တာ ဖြစ်ပါတယ်။ ပြီးတော့မှ မြင်စိတ် ဖြစ်တဲ့အခါမှာ တဏှာ၊ မာန၊ ဒိဋ္ဌိ ဆိုတာက ပေါ်ပြီးသားပဲ ဖြစ်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ နဲ့ စိတ်မှာ ဥပေက္ခာဝေဒနာ တွေပဲ ဖြစ်ပါတယ်။ ကိုယ်မှာတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ သုံးမျိုးစလုံး ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ဥပေက္ခာဝေဒနာတွေကို ဖြစ်တယ်လို့ ဆင်ခြင်လိုက်ပါ။ ပြီးတဲ့အခါမှာတော့ မြင်စိတ်ဖြစ်တာနဲ့ တပြိုင်တည်း ဆင်ခြင်မှု မဝင်ခဲ့ရင် တဏှာ၊ မာန၊ ဒိဋ္ဌိက ဖြစ်တော့တာပါပဲ။ ငါမြင်တယ်၊ မြင်တာကို သဘောကျတယ် လိုချင်တယ်၊ မြင်တာပေါ်မှာ မာနဖြစ်တယ် စသဖြင့်ပေါ့။ ဒီနေရာမှာ ဒိဋ္ဌိက အမြဲပေါ်နေတတ်တာကို သေချာ ဆင်ခြင်ဖို့ လိုပါတယ်။ ဒိဋ္ဌိ ဖြစ်ပွားရာ ဆိုတာ ဒီနေရာပါပဲ။ ဘာကြောင့် ဒိဋ္ဌိ ဖြစ်သလဲ ဆိုရင်တော့ ဝေဒနာကြောင့်၊ ဒိဋ္ဌာနုဿယဟာ ခန္ဓာဖြစ်စဉ်မှာ ကိန်းနေလို့ ဖြစ်တယ်လို့ပဲ ပြောရပါမယ်။
အဲဒီနောက်မှာတော့ တဏှာအားကောင်းရင် ဥပါဒါန် ဒိဋ္ဌိ အားကောင်းရင် ဒိဋ္ဌုပါဒါန် ဆိုတာ ဖြစ်ပြီး ကာယကံ မနောကံ ဝစီကံ လို့ခေါ်တဲ့ ကံသုံးပါးထဲက တပါးပါး ဖြစ်ပါတယ်။ အဲဒီ ကံတွေကြောင့်ဘဝ ဆိုတာ ဖြစ်ရတာမို့ ကမ္မဘဝလို့ ခေါ်ပါတယ်။ ဒီနေရာမှာ ကာယကံ ဆိုရင် ကိုယ်လှုပ်ရှားမှု ဖြစ်ပြီး ဒီလို ဖြစ်တာကို အဆင်းအနေနဲ့ ပြန်မြင်ရပြီး ပဋိစ္စသမုပါဒ်က သဠာယတနကနေ စပြီး ပြန်လည်ပါတယ် ဖဿ ဝေဒနာ နောက်မှာ ငါလှုပ်ရှားတယ် ဆိုတဲ့ နှလုံးသွင်းမှားက ထပ်ဖြစ်ပြန်ပါတယ်။ ဝစီကံဆိုရင်တော့ အသံကြားမှု ဖြစ်ပြီး ငါပြောတာ ဆိုပြီး ပဋိစ္စသမုပါဒ် ပြန်လည်တော့တာပါပဲ။ ကြံစည်မှုဆိုရင်တော့ မနောဒွါရမှာ ဥပေက္ခာဝေဒနာ ဖြစ်ပြီး ငါ့တွေးတာ ဆိုပြီး ပဋိစ္စသမုပါဒ် လည်ပြန်တာပါပဲ။
အဲဒီတော့ ပဋိစ္စသမုပါဒ်ကို ဖြတ်နိုင်တာကတော့ ဝေဒနာ နဲ့ တဏှာ၊မာန၊ ဒိဋ္ဌိ ကြားမှာပဲ ဖြစ်ပါတယ်။ ဝေဒနာ နောက်မှာ မြင်မှု၊ ကြားမှု၊ ကြံတွေးမှုသည် အနတ္တ ဆိုတဲ့ သဘောဖြစ်ဖြစ်၊ အနိစ္စ သဘောဖြစ်ဖြစ် ဝင်လာခဲ့ရင် ပဋိစ္စသမုပါဒ်က အဲဒီနေရာမှာ ပြတ်တော့တာပါပဲ။ ဝေဒနာနောက်မှာ ဖြစ်နေကြ တဏှာ၊ မာန၊ ဒိဋ္ဌိ လွှမ်းမိုးသော စိတ်အစား တနည်းအားဖြင့် နှလုံးသွင်းမှားအစား၊ နှလုံးသွင်းမှန် ဖြစ်လိုက်ရင် သံသရာက ထွက်ကြောင်းပါပဲ။ ဒါကို ထပ်ခါ ထပ်ခါ ဖြစ်အောင် အလေ့အကျင့် လုပ်ပြီး ဆင်ခြင်ရပါတယ်။
ပဋိစ္စသမုပါဒ်ကို ဆင်ခြင်နိုင်မယ် သေသေချာချာ သဘောပေါက်မယ် ဆိုရင်တော့ အကြောင်းအကျိုးကို သဘောပေါက်ပြီး ဘယ်သူပြောတာလဲ ငါပြောတာ၊ ဘယ်သူကြားတာလဲ ငါကြားတာ ဆိုတဲ့ စိတ်တွေပျောက် သွားပြီး၊ ဥပါဒါန်ကြောင့် ပြောလိုမှု လှုပ်လိုမှု ကြံလိုမှု စေတနာ ဖြစ်တာ၊ ဒီလို စေတနာ ဖြစ်လို့ပဲ နောက်ထပ် ကြားမှု၊ မြင်မှု၊ ကြံတွေးမှုတွေ ဖြစ်တာ ဆိုပြီး နားလည်သွားပါလိမ့်မယ်။
ဒီအထိ ဆိုရင်ပဲ ပဋိစ္စသမုပါဒ်ကို တရားအားထုတ်တဲ့ နေရာမှာ အသုံးချပုံကို နားလည်မယ် ထင်ပါတယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ မရှင်းတာရှိရင် မေးပါ။ အားမနာဖို့ ပြောပါရစေ။ ဒီဘဝမှာ အခုလို ရှင်းပြနိုင်တဲ့ သူနဲ့တွေ့တုန်း သံသရာက လွတ်အောင် လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply