မနက်က ခင်ဗျား စိတ်ဆိုးခဲ့တာတွေ ရှိမယ်။ နေ့ခင်းက ခင်ဗျား ပျော်ရွှင်ခဲ့တာတွေ ရှိမယ်။ ညနေက ခင်ဗျား ပင်ပန်းခဲ့တာတွေ ရှိမယ်။
အခု ည ၈ နာရီ ထိုးပါပြီ။ ပြန်မေးကြည့်ပါ။ အဲဒီ အဖြစ်အပျက်တွေ အခု ဘယ်မှာလဲ…။ အကုန်လုံး ပျောက်ကွယ်သွားပါပြီ။ ပြန်ရှာလို့ မရတော့ပါဘူး။
ဒါပေမယ့် ပုထုဇဉ်သဘာဝက ပျောက်သွားတဲ့ အရာတွေကို “အတိတ်” ဆိုပြီး ပြန်ပုံဖော်၊ ပြန်တွေးပြီး သာယာလိုက်၊ နာကြည်းလိုက် ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ဒါဟာ “မရှိတော့တဲ့အရာ” ကို အရှိလုပ်ပြီး ပူလောင်နေတာပါ။
ဝိပဿနာအမြင်နဲ့ ကြည့်မယ်ဆိုရင်… ဒီနေ့တစ်နေ့လုံး ဖြစ်ခဲ့သမျှ အရာအားလုံးဟာ “ဖြစ်ပြီး” တာနဲ့ တန်း “ပျက်” သွားခဲ့ပါပြီ။ မနက်က စိတ် မနက်မှာ ချုပ်ခဲ့ပြီ။ နေ့ခင်းက ရုပ် နေ့ခင်းမှာ ချုပ်ခဲ့ပြီ။
အခု ကုတင်ပေါ် လှဲချလိုက်တဲ့အချိန်မှာ ခင်ဗျားမှာ ပိုင်ဆိုင်တာဆိုလို့… အခု ရှူနေတဲ့ လေ၊ အခု ထိနေတဲ့ အတွေ့… ဒီ “ပစ္စုပ္ပန်တည့်တည့်က သဘောတရား” ပဲ ရှိပါတော့တယ်။
ဒါကြောင့် အိပ်ရာမဝင်ခင်မှာ… ပြီးခဲ့တဲ့ တစ်နေ့တာလုံးကို “အိပ်မက်” တစ်ခုလို သဘောထားပြီး စွန့်ပစ်လိုက်ပါ။ မနက်ဖြန်အတွက်လည်း ကြိုမပူပါနဲ့ဦး။
လက်ရှိ ဝင်လေ၊ ထွက်လေလေးကိုပဲ ငြိမ်းငြိမ်းချမ်းချမ်း မှတ်သိရင်း… “သဘော” ကို “သဘော” လို့ သိရင်းနဲ့ပဲ အိပ်စက်အနားယူလိုက်ပါ။
အတိတ်ဆိုတာ ပြန်မလာနိုင်တဲ့ သင်္ခါရမို့… လမ်းမှာတင် ထားခဲ့လိုက်ပါတော့။


Leave a Reply