လောက ဆိုတာသည် ဖြစ်တတ် ပျက်တတ်တဲ့အတွက် လောကလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ လောကရဲ့ သဘာဝသည် ဖြစ်ခြင်း ပျက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် မြတ်စွာဘုရားနဲ့ သိကြား ပြောတဲ့ စကားအတိုင်း ပါပဲ။ လူတွေ သတ္တဝါတွေဟာ မိမိကိုယ် မိမိ ကျန်းမာစေကြောင်း ချမ်းသာစေကြောင်း အမြဲပဲ မေတ္တာပို့ကြ ပါတယ်။ ဒါပေမယ့်လည်း တောင်းဆုမပြည့်ဝကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ်ချုပ်လိုက်ရင် ပပဉ္စ တရားတွေ ဖြစ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိ ကြောင့်ပါပဲ။ လောကမှာ ဘယ်သောအခါမှ တည်မြဲတဲ့ အေးချမ်းမှု စိတ်နှလုံးသာယာမှု ဆိုတာ မရှိပါဘူး။ ဖြစ်သမျှဟာ ပျက်တာချည်းပါပဲ။

ကျနော်တို့က ဗုဒ္ဓဘာသာ နိုင်ငံမှာနေတယ်၊ ဗုဒ္ဓသာသနာရဲ့ အဆုံးအမအောက်မှာ ရှိနေပါလျှက်နဲ့ ဒုက္ခတွေ များနေကြတာပဲ များပါတယ်။ ကျနော်ဆိုလဲ ဒုက္ခတောထဲကနေ ထွက်လာခဲ့ရတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်စိတ်ထဲမှာ အသေးအမွှားလို့ ထင်ထားတဲ့ အကုသိုလ်တွေရဲ့ အကျိုးပေးတွေက ကြောက်ဖို့ ကောင်းလွန်းလို့ ပါပဲ။ ဒါတောင်မှ ငယ်စဉ်ကတည်းက မိဘ ဆရာတို့က ဆုံးမလို့ ကုသိုလ်အမှုလေးတွေလဲ လုပ်ဖြစ်ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်း သရဏဂုံတည်သလား တကယ်ပဲ သီလ လုံသလားဆိုတော့ မေးစရာ ပြောစရာတွေ တပုံတပင်ပါ။ အနည်းဆုံး မိတ်ဆွေတို့လဲ ခြင်ရိုက်တာလောက်ကတော့ ဘာဖြစ်လဲတို့ ပုရွတ်ဆိပ်တွေ အုံနေလို့ ရေလောင်းချလိုက်ရတယ်တို့ ဆိုတဲ့ အကုသိုလ် အမှုတွေဟာ မကြာခဏဆိုသလို ဖြစ်နေတာပါပဲ။ အဲဒီ အကုသိုလ်တွေကို သီလ စောင့်ထိန်းခြင်းအားဖြင့် ရှောင်မယ် ဆိုရင်လဲ ရှောင်တုန်းခဏတော့ ကုသိုလ် ဖြစ်ပါရဲ့ အရင်လုပ်ခဲ့တဲ့ အကုသိုလ်တွေက ပျက်သွားတာ မဟုတ်ပါဘူး။ ကုသိုလ်က ကုသိုလ်အကျိုးပေးမှာ ဖြစ်ပြီး အကုသိုလ်ကလဲ အကုသိုလ် အကျိုးပေးမှာပါ။ ဒါန သီလ လောက်နဲ့ ကုသိုလ် အကုသိုလ်ဟာ ကျေပျက်မသွား ပါဘူး။ အခုခေတ်မှာဆို လူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေနေကြတယ် ဆိုတာဟာ ပါဏာတိ ပါတာ အကျိုးပေး တွေ အများကြီးပါပါတယ်။ ဒါက ကိုယ်က ပြုလုပ်တဲ့အတွက် ခံရတဲ့ အကုသိုလ် အကျိုးပေးလောက်ပဲ ရှိပါသေးတယ်။ အဲဒီအပြင် ကံကြောင့်မဟုတ်ဘဲ ခံစားရတဲ့ လောကဓံတရားတွေ ချစ်သူနဲ့ ကွေကွင်းခြင်း၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း ဆိုတာတွေဟာ မလွှဲမရှောင်သာ ခံစားကြရဦး မယ့် ကိစ္စတွေပါပဲ။

အဲဒီတော့ ဒီကိစ္စတွေကနေ လွတ်သင့်သလောက် လွတ်ပြီး ကံတရားက အကောင်းဘက်ကိုပဲ ဦးတည်သွားဖို့ ဆိုတာဟာ သမ္မာကမ္မတ၊ သမ္မာဝါစာ၊ သမ္မာအာဇီဝ လို့ခေါ်တဲ့ သီလ မဂ္ဂင်သုံးပါး လုံသွားမှသာလျှင် အကောင်း လောကဓံဖက်ကို ဦးတည်သွားနိုင်စေတာပါ။ အဲဒီ သီလ မဂ္ဂင်သုံးပါး ဆိုတာကလဲ ဝိပဿနာ ရှုမှတ်ခြင်းဆိုတဲ့ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ နဲ့ သမ္မာသမာဓိ တို့ အကြိမ်ကြိမ် အထပ်ထပ် ကြိုးပမ်းရင်း အနည်းဆုံး သောတာပတ္တိမဂ် ကျမှသာလျှင် ပြည့်စုံသွားတာပါ။ ဒီလို သီလတွေ လုံသွားတော့ ဘာဖြစ်သလဲ ဆိုတော့ ကိုယ့်ရဲ့ ပါတ်ဝန်းကျင်ကိုပါ အကျိုးပြုပါတယ်။ အစပိုင်းမှာ ကိုယ့်ကြောင့် စိတ်အနှောက်အယှက်ဖြစ် တာ ရှိကောင်းရှိမှာ ဖြစ်ပေမယ့်၊ နားလည်အောင် ရှင်းပြနိုင်သွားရင် အားလုံးနဲ့ အဆင်ပြေသွားတာပါပဲ။ အဲဒီတော့ ပိုက်ဆံရှိရင် အစစ အဆင်ပြေမယ် ဆိုတာဟာ တကယ်တော့ လုံးဝမမှန်တဲ့ အယူအဆပါ။ ပိုက်ဆံတွေ သိန်းပေါင်း သောင်းချီရှိလဲ ကင်ဆာလို ရောဂါမျိုး ကုမရတဲ့ ရောဂါမျိုးတွေ ဖြစ်ရင် ပိုက်ဆံဆိုတာတွေက ဘာမှ မဟုတ်တော့ပါဘူး။ ပိုက်ဆံ ဘယ်လောက် ပုံပေးပေး ကိုယ်ချစ်ရတဲ့သူတွေနဲ့ သေကွဲကွဲရခြင်းဆိုတာဟာ မလွှဲမရှောင်သာ ကြုံကြရမှာပါ။ တရားအားထုတ်ထားတဲ့သူ အတွက် ဘာထူးသလဲ ဆိုရင်တော့ ကိုယ်သေမှာ ဆိုရင်လုံးဝကို မပူရပါဘူး။ မြေအိုးကို စွန့်ပြီး ရွှေအိုးယူရသလိုမျိုး ကိုယ့်အတွက် ကောင်းရာ သုဂတိက စောင့်နေတာ သေချာပါတယ်။ အဲလိုပဲ ကိုယ်နဲ့ ပါတ်သက်တဲ့သူ အသက်ဘေးကြုံရတာဆိုရင်လဲ တရားနဲ့ ပါတ်သက်လို့ သီလနဲ့ ပါတ်သက်လို့ ပြောပြနိုင်တဲ့အပြင်၊ အနိစ္စရဲ့ သဘော အနတ္တရဲ့သဘောကို အဆုံးထိ သိထားသူ ပီပီ၊ ကြုံလာတဲ့အခြေအနေပေါ်မှာ ပရိဒေဝ အနည်းဆုံးနဲ့ ဖြတ်ကျော်နိုင်တာပါပဲ။ ဘာပဲ ကြုံကြုံ မတုန်မလှုပ် နီးပါး ရင်ဆိုင်လာနိုင်တာဟာ အရိယာများရဲ့ ထူးခြားချက်ပါပဲ။

အဲဒီနေရာမှာ တကယ်တမ်း မတုန်မလှုပ်နီးပါး ရင်ဆိုင်နိုင်တာက အရိယာ ဖြစ်မှသာ ရင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။ အဲဒီတော့ တရားအားထုတ်နေသူများ အနေနဲ့ အရေးကြီးတာက ဘယ်လိုပြသနာတွေနဲ့ပဲ ကြုံနေရ ကြုံနေရ တရားအားထုတ်ခြင်းသည်သာလျှင် တစ်ခုတည်းသော ပြသနာ ဖြေရှင်းနည်း ဖြစ်တယ် ဆိုတာကို သေသေချာချာ နှလုံးသွင်းပြီး ဘာအခက်အခဲနဲ့ပဲ ကြုံကြုံ ယနေ့မှစ၍ သေသည်ထိ တရားအားထုတ်မှုကိုသာလျှင် အဓိက အားထုတ်တော့မယ်ဆိုတဲ့ စိတ်ထားဖို့ အရေးကြီးပါတယ်။ ဒီလို အားထုတ်ရင်းနဲ့ မဂ်ဖိုလ် ရတဲ့အခါမှာတော့ ဧကဗီဇ သောတာပန်ဆိုရင် ဒီဘဝတင် ကိစ္စပြတ်သွားမယ်၊ ကောလေ ကောလံ ဆိုရင် ငါးဘဝ နေရမယ်။ ဘုံစဉ်စံ ဆိုလဲ ပျော်ပျော်ကြီး ဒါန သီလတွေ လုပ်သွားရမယ် ဆိုတဲ့သဘောမျိုး ဖြစ်သွားမှာပါ။ သောတာပန်ကတော့ ပရိဒေဝ ရှိသေးတာပေါ့၊ သကဒါဂါမ်ကတော့ သောတာပန်ထက် အများကြီး ပိုသက်သာသေးတယ် ထင်ပါတယ်။ အနာဂါမ်မှသာ အဆိုးလောကဓံကို မတုန်လှုပ်တော့တာပါ။ အနာဂါမ်တောင် အကောင်း လောကဓံပေါ်မှာ တုန်လှုပ်မှု ရှိပါသေးတယ်။ ရဟန္တာမှသာလျှင် နကမ္မတိ ဆိုတဲ့သဘောမျိုး ဖြစ်သွားတာပါ။

အဲဒီတော့ မိတ်ဆွေများကို ကလျာဏ မိတ္တကောင်း အနေနဲ့ ဟုတ်မှန် အကျိုးရှိတဲ့ စကားပြောရရင်တော့ လောကဓံပဲ ကြုံကြုံ၊ ဘယ်လောက်ပဲ စိတ်ဆင်းရဲမှုနဲ့ပဲ ကြုံရ ကြုံရ၊ ဘာတွေပဲ ဖြစ်နေနေ တရားအားထုတ်တဲ့ အလုပ်ကိုသာ ပုံပြီး လုပ်ပါ။ လောကမှာ ဆုံးဖြတ်ချက်ချရတာတွေ ဆိုတာဟာ အမြဲကြုံနေရတာပါ။ အဲဒီလို ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ သမ္မာကမ္မတ ခေါ်တဲ့ မှန်ကန်သော ကာယကံ၊ ဝစီကံ၊ မနောကံ တွေ ဖြစ်မှသာ ကောင်းမွန်တဲ့ ရလဒ်ကို ရမှာ ဖြစ်ပါတယ်။ တကယ်မရှိတဲ့ ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ ဆိုတဲ့ အမြင်ပေါ်ကနေ လုပ်တဲ့ ဆုံးဖြတ်ချက်တွေဟာ အမှန်တရားနဲ့ ဝေးတတ်ပါတယ်။ လောကီမှာ မှန်တယ် ဆိုတာဟာလဲ အရူး အချင်းချင်း ဘုံမြှောက်နေကြတဲ့ သဘောပါပဲ။ သီလ မဂ္ဂင် ကိုယ်မှာ ကိန်းမှသာလျှင် ဘဝ တစ်လျှောက်လုံးကို ကောင်းကောင်းမွန်မွန် နေသွားနိုင်မှာပါ။ ကျနော့်အတွက်ကတော့ ခြောက်နှစ်နီးပါး ကြိုးစားခဲ့ရပေမယ့် ကျနော့် စာကို ဖတ်ဖြစ်သူများအတွက်တော့ အဲလောက် အချိန်မကြာနိုင်ပါဘူး။ ဘဝဆိုတာဟာ အသက် ၆၀ လို့ ပြောရင် အဲဒီ ခြောက်ဆယ်ရဲ့ ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ခြောက်နှစ်ကို အမှန်တရားကိုယ်မှာ ကိန်းအောင် ကြိုးစားခြင်း အတွက် မဖြစ်မနေကို သုံးသင့်ပါတယ်။ အဲဒီတော့ တရားအားထုတ်တဲ့ အလုပ်မှ တပါး တပါးသော လွတ်မြောက်ရာ လမ်းသည် မရှိ။ အရာအားလုံးအတွက် အဖြေသည် သီလ မဂ္ဂင်သုံးပါးနဲ့ နိဗ္ဗာန်သာလျှင် ဖြစ်တယ်လို့ ပြောရင်း နိဂုံးချုပ်ပါရစေ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *