ဝိပဿနာ ဉာဏ်စဉ်နဲ့ ပါတ်သက်လို့ နာမရူပ ဉာဏ်ကနေပြီး ဖြစ်ပျက် မြင်တဲ့ ဉာဏ်အထိ ရေးခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်ရင့်သန်လာပုံ နဲ့ အပျက်တွေချည်းသာ မြင်သော ဘင်္ဂဉာဏ် အပိုင်းကို ရေးပါ့မယ်။
ပြောခဲ့တဲ့ အတိုင်း ကျနော့်အတွက် ဖြစ်ပျက်ပဲ ဆိုတာကို လက်ခံနိုင်ဖို့ အရင် ကြိုးစားရပါတယ်။ အဲဒီနောက်မှာ တော့ သွားရင်းလာရင်း လှဲလျောင်းရင်းနဲ့ပဲ ဖြစ်ပျက်ဆိုတာကို မှတ်နိုင်သလောက် မှတ်ဖို့ ကြိုးစားပါတယ်။ အဲဒီ အချိန်က ကျနော်တစ်ယောက်တည်း နေဖို့အတွက် မိသားစုက အိမ်ငှားပေးလေတော့ (အိမ်လခက တသိန်း ပေးရပါတယ်။) ကျနော်အတွက် အချိန်ပြည့် ဖြစ်ပျက်ကိုသာ မှတ်နေတာပါ။ ဒီလို မှတ်ရတာဟာ အတော်ကို အချိန်ပေးပြီး ရှုမှတ်ခဲ့ရပါတယ်။ အားလုံးလဲ ဖြစ်ပျက်မြင်တဲ့ ဉာဏ်မှာ အချိန်အကြာဆုံး ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်တုန်းက စိတ်ပင်ပန်းမှုတွေကလဲ မပျောက်သေး နောက်ဘဝ အတွက်ကိုလဲ ပူပန် ကိုယ့်အခြေအနေ ကိုယ်ပြန်ကြည့်လိုက်ရင် ဘဝ မှာ အကုသိုလ် အမှုတွေ (တိရိစ္ဆာန်သတ်မှု စတာတွေ) လုပ်ခဲ့လေတော့ ကုသိုလ် နဲ့လဲ ချေလို့ရမှာ မဟုတ်ဘူးဆိုတာ နားလည်လေတော့ ကိုယ်သာ သေသွားရင် ဆိုတာကို ပူပန်ရပါတယ်။ နောက်ဆုံးတော့ သေလဲ ဖြစ်ပျက် ရှုပြီး သေသွားမယ် ငရဲကျတော့လဲ ဖြစ်ပျက်ပဲ ဆက်မှတ်ပြီး ခံရုံပဲ ဆိုပြီး စိတ်ကို ပိုင်းဖြတ်ပြီး ဖြစ်ပျက်ကိုပဲ တောက်လျှောက်ရှုခဲ့ပါတယ်။ အဲဒီအချိန်က တရားလမ်းကြောင်းကို သေသေချာချာ မသိသေးတော့ ဖြစ်ပျက်ရှုတာကိုပဲ ကျေညက်သည်ထက် ကျေညက်အောင် လုပ်ရင် နောက်ဉာဏ်တွေ တက်လာမှာပဲ လို့ သဘောထားပြီး ရှုမှတ်ခဲ့ပါတယ်။ ဖြစ်ပျက်တွေချည်းသက်သက် သာ ငါသူ ဆိုတာမရှိဘူး ဆိုတာကိုလဲ သဘောပေါက်သထက် ပေါက်လာခဲ့ပါတယ်။ မနက် မိုးလင်း အိပ်ရာနိုးကတည်းက ရှုမှတ်မှုနဲ့ နိုးလာခဲ့ပြီး အပြင်သွားတာ ထမင်းသွားစားတာ စတာတွေမှာလဲ ဖြစ်ပျက်ကို ရှုနိုင်သလောက် ရှုမှတ် နေတာပါပဲ။ ဒီလိုနဲ့ပဲ တစ်နှစ်ကျော် နှစ်နှစ်လောက် ရှုမှတ်တဲ့ အခါမှာတော့ ဖြစ်ပျက်တွေက ဆက်လာပါတယ်။ အကုန်လုံး ဖြစ်ပျက်သက်သက် ဆိုတာကလဲ ပိုပိုပြီး ထင်ရှားလာပါတယ်။
ကိုယ့်ရဲ့ စိတ်ပူပန်မှုတွေဟာ မရှိတဲ့ ငါဆိုတဲ့ သဘောမှာ ဖြစ်တဲ့ စိတ်ပူပန်မှုတွေ ဆိုတာကိုလဲ သဘောပေါက် လာခဲ့ပါတယ်။ အတိုင်းအတာ တခုထိ သက်သာရာ ရပေမယ့် ဉာဏ်စဉ်အနေနဲ့ကတော့ ဖြစ်ပျက်မြင်တဲ့ ဉာဏ်က နေ မတက်ပါဘူး။ အဲဒီ အချိန်က မိုးကုတ်ဆရာတော်ကြီး တရားတွေ နာရင်း ဖြစ်ပျက်ရှုမှတ်မှု ပြုနေတာပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဆရာတော်ကြီး ရှုခိုင်းတဲ့ စိတ္တာနုပဿနာမှာ ဝင်လေ ရှုသွင်းချင်တဲ့ စိတ်နဲ့ ထွက်လေ ရှုထုတ်ချင်တဲ့ စိတ်ကို မှတ်လို့ မရပါဘူး။ (ကျနော်က အာနာပါန နဲ့ ပါတ်သက်လို့ ဘယ်လိုမှကို အဆင်မပြေ ခဲ့တာပါ) ဒါပေမယ့်လည်း တခြားသော စိတ်တွေကိုပဲ ဖြစ်ပျက် ရှုနေခဲ့ရပါတယ်။ ဆရာဆိုလို့ မိုးကုတ်ဆရာတော် ကြီး အခွေတွေပဲ ရှိပါတယ်။ အဲဒါကြောင့်လဲ ဘာမှန်း သေချာ မသိပဲ ဖြစ်ပျက်ကို ရှုလိုက်၊ အနတ္တကို ဆင်ခြင် လိုက်နဲ့ပဲ ခရီးဆက်ခဲ့ရပါတယ်။
ကျနော့်အတွက် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်ကို ကြိုက်ခဲ့လေတော့ အဲဒီထဲက ဘင်္ဂဉာဏ် ဆိုတာကို အလွန် ရောက်ချင်ခဲ့တာပါ။ ဒါပေမယ့်လည်း တော်တော်နဲ့ကို မရောက်ခဲ့ပါဘူး။ ဖြစ်ပျက်ရှုမှတ်မှု စိတ်သထက် စိတ်လာတော့မှပဲ (အတော်ကြီးကို အချိန်ပေးကြိုးစားပြီးမှပဲ) တရက်မှာတော့ အဖြစ်ကို မလိုက်နိုင်တော့ပဲ (မမြင်တော့ပဲ) အပျက်တွေချည်းသက်သက်ကိုသာ မြင်နေရတာပဲ ဆိုတာကို သဘောပေါက်ပြီး အပျက်တွေ ချည်းမြင်တဲ့ ဘင်္ဂဉာဏ်ကို ရောက်ခဲ့ပါတယ်။ ဘင်္ဂဉာဏ်ကို ကိုယ်တိုင် ရောက်တဲ့အချိန်မှာတော့ စာအုပ်ထဲ ကလောက် ထူးခြားဆန်းပြားတဲ့ ဉာဏ်မဟုတ်ပဲ အကြောင်းအကျိုးအတိုင်း ဖြစ်တဲ့ အားစိုက်မှု အားကောင်းလာ ချိန်မှာ အမှန်ကို မြင်လာတဲ့ သဘောဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ တကယ်လည်း သိပ်ထူးခြားလှတဲ့ ဉာဏ်တော့ မဟုတ်ပါဘူး။ အစ ပထမ တုန်းက ဖြစ်ပျက်လို့ မြင်ပေမယ့် ဖြစ်ပျက်တွေ စိတ်လာတဲ့ အခါမှာ တကယ် သိနေတာသည် အပျက်တွေကို သိနေတာ ဆိုတာကို သဘောပေါက်သွားတာပါ။
ဒီဉာဏ်မှာတော့ အပျက်တွေချည်း သက်သက်သာ ဆိုတာကို သဘောပေါက်ပြီး အချိန်အများကြီးရှုမှတ်စရာ မလိုပဲ ဘယဉာဏ် ဆိုတဲ့ အပျက်တွေသည် ဘေးကြီးပဲ ဆိုတာကို သဘောပေါက်လာခဲ့ပါတယ်။ အပျက်တွေကို စိတ်ပျက်လာပါတယ်။ ကြောက်တဲ့ သဘောလေးကတော့ အနည်းငယ်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က နာမရူပဉာဏ် နဲ့ပါတ်သက်ပြီး ဓမ္မသင်္ဂဏီ ရုပ်ပိုင်းကို မဖတ်ရသေးလေတော့ စိတ်သိပ်မရှင်းသေးတာတွေ ရှိပါတယ်။ အဲဒီအပြင် အပျက်တွေကို ရှုလိုက် အနတ္တကို ဆင်ခြင်လိုက်နဲ့ ဒီလို လည်ခဲ့တာကလဲ အချိန် တစ်နှစ် လောက်ကြာခဲ့ပါတယ်။ ကျနော်ဖြစ်ခဲ့တဲ့ ပုံစံက ဝီရိယ လွန်ပြီး ပျံလွင့်မှုတွေ ဖြစ်ဖြစ်နေခဲ့တာမျိုးပါ။ ဒါပေမယ့် သိပ်ပျံလွင့်လာရင် လမ်းထလျောက်လိုက် ပြန်လှဲပြီး ပြန်အားထုတ်လိုက်နဲ့ တကယ်တော့လဲ ပျော်စရာ ကောင်းတဲ့ အချိန်တမျိုးပါပဲ။ တရားမှာ တိုးတက်မှုလေးတွေ ရလာပေမယ့် ဆရာတော်ကြီး ဟောတဲ့ မုန်းဉာဏ် ကိုတော့ တော်တော်နဲ့ မရောက်ခဲ့ပါဘူး။ အနတ္တကို ဆင်ခြင်ရင် တော်သေးပေမယ့် ဖြစ်ပျက်ကို ပြန်မှတ်လိုက်ရင် တော့ ဘင်္ဂဉာဏ်ကိုပဲ ပြန်ရောက်ပြီး တဖြည်းဖြည်း နဲ့မှပဲ မရှုချင်တော့ သလိုလို ဖြစ်လာခဲ့ပါတယ်။ အဲဒီ အချိန်ကျရင်လဲ ကျနော်ကတော့ မုန်းဉာဏ်ကို ဆရာတော်ကြီး ဟောတဲ့အတိုင်း ပေမရှုနိုင်ပါဘူး။ မုန်းဉာဏ်ကို တော့ ရောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အပြင်းအထန် မုန်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒုက္ခ ဆိုတာရဲ့ စက်ဆုပ်စရာ အသုံးမကျတာ ဆိုတဲ့ အဓိပ္ပါယ်ကိုလဲ နားလည်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း နားမလည်နိုင်ခဲ့ပါဘူး။ (တကယ်တော့ အဲဒီလို ဒုက္ခကို နားလည်ဖို့ ဆိုတာက အနိစ္စနဲ့ အနတ္တကို အဆုံးထိ နားလည် လာမှ သဘောပေါက်နိုင်တဲ့ အရာပါ)
ဒီလိုနဲ့ပဲ ဖြစ်ပျက် ရှုတဲ့ ဉာဏ်ကနေ ရွံမုန်းငြီးငွေ့တဲ့ ဉာဏ် အထိကို ဖြစ်ပျက်ရှုမှုကို အားစိုက်ရင်းနဲ့ပဲ တက်ခဲ့ရတာပါ။ ကျနော့်အမြင်ကတော့ တယောက်နဲ့ တယောက် စရိုက်တွေ မတူကြလေတော့ တက်တဲ့ ပုံစံတွေလဲ ကွဲလွဲချက် ရှိတယ်လို့ပဲ ယူဆမိပါတယ်။ ကျနော့် အတွက်ကတော့ ဖြစ်ပျက်ကို ရှုမှတ်မှု ကြာလေတော့ ကောင်းတာ တခုက အပြင်သွားတာ လာတာ တွေ လုပ်တဲ့အခါမှာလဲ ဖြစ်ပျက်တွေချည်းပဲ မြင်နေ မိတာပါ။ အဲဒါကြောင့် ကိလေသာ ကြားခိုမှုတော့ အတော်နည်းပါတယ်။ ဒီလောက် ဆိုရင်တော့ ဘင်္ဂဉာဏ် ကနေ နိဗ္ဗိန္ဒ ဉာဏ်အထိကို ရှင်းမယ် မျှော်လင့်ပါတယ်။ မိုးကုတ်ဆရာတော်ကြီး ဟောတာကလဲ ဒီမှာတင် ဂိတ်ဆုံးနေ သလို ဖြစ်ခဲ့ပါတယ်။ မုန်းဉာဏ်ကနေ ဆုံးဉာဏ်ကို တက်မယ် ဆိုတာကို လက်မခံ နိုင်ပဲ ကြားထဲက ဉာဏ်တွေကို စိတ်ဝင်စားလေတော့ ဆရာတော်ကြီး ပြောတဲ့အတိုင်း မုန်းဉာဏ်ကို အပြင်းအထန် ဖြစ်အောင် ပေပြီး ရှုတာမျိုး မလုပ်ခဲ့ပါဘူး။ အဲဒီ အပိုင်းအတွက်တော့ နောက်ထပ် စာတပုဒ်နဲ့ သင်္ခါရုပေက္ခာ ဉာဏ် အကြောင်း အဓိကထား ရေးပါဦးမယ်။ အခု အပိုင်းမှာတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply