နောက်ဉာဏ်ကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို သိတဲ့ ဉာဏ်ပါပဲ။ အဲဒီဉာဏ်ကတော့ ဘယ်အချိန်ရောက်တယ် မပြောနိုင်ပါဘူး။ ကျနော့်အနေနဲ့က ဉာဏ်စဉ်တွေကို လိုက်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ ဆရာလဲ မရှိတော့ ကိုယ် ဘယ်ရောက်နေပြီ ဘာဖြစ်နေပြီ ဆိုတာကိုလဲ သေချာ မသိပါဘူး။ မိုးကုတ်ဆရာတော်ကြီး တရားတွေ နာပြီး သစ္စာသိအောင် လုပ်ဆိုလဲ လိုက်လုပ်၊ အရိယာ တရားနာ ဆိုလို့ အရိယာ လိုက်ရှာ၊ ဖြစ်ပျက်ရှုခိုင်းတော့ ဖြစ်ပျက် ရှု၊ စိတ္တာနုပဿနာ မှာ ဝင်လေ ရှုသွင်းချင်တဲ့စိတ်၊ ထွက်လေ ရှုထုတ်ချင်တဲ့ စိတ်ကို မှတ်ရမယ် ဆိုတာက ကျနော်နဲ့ ဘယ်လိုမှ မအပ်စပ်။ ဒါပေမယ့် ကျန်တဲ့ စိတ်တွေရဲ့ ဖြစ်ပျက်ကိုတော့ ရှုပါတယ်။
ကိုယ်ဖက်က လွန်ခဲ့တဲ့ ကိစ္စတွေကိုလဲ ငါလုပ်တာမဟုတ်ဘူး ငါဆိုတာမရှိဘူး ဖြစ်ပျက်နေတာသာ ရှိတယ် ဆိုတဲ့ အမြင်နဲ့ အားထုတ်ခဲ့ပါတယ်။ ဖြစ်ပျက်ကို ရှုမှတ်ဖြစ်တာကတော့ တရားအားထုတ်တဲ့ တလျှောက် နှစ်နှစ် သုံးနှစ်လောက်ကြာပါတယ်။ ဖြစ်ပျက်ကို မြင်တာက ဘယ်သွားသွား ဘာလုပ်လုပ် ဖြစ်ပျက်ရှုနေလို့ ရပါတယ်။ ဝင်လေ ထွက်လေ စိတ်ကို မရှုနိုင်တာက လွဲရင် ကျန်တဲ့ အချိန်တွေမှာ တရားရှုမှတ်မှု အမြဲမပြတ်ဆိုသလိုပါပဲ။
ကျနော်အနေနဲ့က ရောဂါ ဖြစ်နေတုန်း လုပ်ရတာလဲ ဖြစ်တော့ ကာမဂုဏ်နဲ့ စပ်လျဉ်းတဲ့ ကြံစည်မှုတွေ၊ နီဝရဏ တွေ တင်းကြမ်းနဲ့ အားထုတ်ခဲ့ရတာပါ။ အနိစ္စ ဒုက္ခ အနတ္တ ကတော့ သိသထက် သိအောင် လုပ်ရတဲ့ ဉာဏ်ပါပဲ။ ဒီဉာဏ်မှာ လုံလောက်တယ် ဆိုတာ မရှိပါဘူး။ ဒါပေမယ့် လုပ်တဲ့အခါမှာတော့ ဒီဉာဏ်မှာ အနိစ္စ ဆိုတာ မမြဲတာကို ပြောတာ၊ ဒုက္ခဆိုတာ စက်ဆုပ်စရာ အသုံးမကျတာကို ပြောတာ၊ အနတ္တ ဆိုတာ ငါ သူတပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါမရှိ အသက်ဇီဝ မရှိ ပြောတာလို့ သဘောပေါက်ရင် ရနေပါပြီ၊ ဒီနေရာမှာ အပြည့်အစုံ ဖြစ်တဲ့ သဗ္ဗေ သင်္ခါရ အနိစ္စာ၊ သဗ္ဗေ သင်္ခါရ ဒုက္ခာ၊ သဗ္ဗေ ဓမ္မာ အနတ္တာ ဆိုတာကို လုံးကောက် အဓိပ္ပါယ်နဲ့ တကွ သေချာ သိထားရင်တော့ အကောင်းဆုံးပါပဲ။ သဗ္ဗေဆိုတာက အလုံးစုံသော သင်္ခါရ ဆိုတာက အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့သည် အနိစ္စ မမြဲ၊ သဗ္ဗေ အလုံးစုံသော သင်္ခါရာ အကြောင်းကြောင့်ဖြစ်သော အကျိုးတရားတို့သည် ဒုက္ခာ စက်ဆုပ်စရာ အသုံးမကျတာတွေသာ ဖြစ်သည်၊ သဗ္ဗေ အလုံးစုံသော ဓမ္မာ သင်္ခါရတရား နိဗ္ဗာန်တရားတို့သည် အနတ္တ မိမိမဟုတ် ငါမဟုတ် အတ္တမဟုတ် သတ္တဝါမဟုတ် လို့ပဲ ဖြစ်ပါတယ်။ ဒီဉာဏ်မှာ သိအောင် မကြိုးစားခဲ့ရင် လိုအပ်ချက် ရှိနေပြီး တချိန်မှာ ပြန်ဆင်ခြင်ရတာပါပဲ. တခါတည်း ဆင်ခြင်သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကျနော် ကတော့ တခါတည်း မဆင်ခြင်သွားတော့ ဖြစ်ပျက်ရှုတာတွေ သုညတ တွေ သစ္စာတွေ ပဋိစ္စသမုပါဒ်တွေ အစုံနာပြီးမှ ဒီဉာဏ်ကို ပြန်ဆင်းပြီး နားလည်အောင် လုပ်ခဲ့ရပါတယ်။ မဂ်ကျတာကလဲ အနိစ္စ ဒုက္ခ အနတ္တကို ဆင်ခြင်ရင်းနဲ့ မဂ်ကျတာပါပဲ။ အဲဒီတော့ ဒီဉာဏ်က အရေးကြီးပါတယ်။ ဒီဉာဏ်နဲ့ ပါတ်သက်ရင် မြတ်စွာဘုရား က တရားတွေ အများကြီးထဲမှာ အနည်းဆုံး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကိုသိရင် မဂ်ရနိုင်တဲ့ အကြောင်း ဟောထားတာ ရှိပါတယ်။
ရှေ့ဆက်ပြီး မှတ်ရမှာက ဖြစ်ပျက် ရှုမှတ်တဲ့ ဉာဏ်ပါပဲ။ စိတ်ကလေးတွေက ဖြစ်ပြီးပျက်နေတယ် ဆိုတာကို ပထမမှာ လုံးဝ သတိမထားမိပါဘူး။ ဒီစိတ်ပဲ ဟိုလိုပြောင်းသွားတယ် ဒီလိုပြောင်းသွားတယ်ပဲ အောက်မေ့တာ ပါ။ နောက်ပိုင်းကျမှ ကျန်ခဲ့တဲ့ ၅ မိနစ်က စိတ် ရှိသေးသလားလို့ ရှုလိုက်တဲ့ အခါမှာ မရှိတော့ကြောင်း သိရတဲ့ အတွက် ဟုတ်တယ် စိတ်ဟာ ဖြစ်ပြီး ပျက်နေတာပဲလို့ သဘောပေါက် လက်ခံခဲ့တာပါ။ အဲဒီလို နားလည်ဖို့ကလဲ ၁ နှစ်ကျော်လောက် ကြာပါတယ်။ မိုးကုတ်ဆရာတော်ကြီး ကတော့ ဆရာသမားပေါ့။ ဆရာတော်ကြီး မဟောထားတာတွေ ကျတော့ ကိုယ့်ဟာကိုယ်ပဲ နည်းလမ်းရှာပြီး ရှုခဲ့ရတာပါ။ ဖြစ်ပျက်ကို စပြီး သိလာကတည်း က စိတ်မှာ ဖြစ်တဲ့ ပင်ပန်းမှုတွေ ဆင်းရဲမှုတွေက သက်သာရာတော့ စပြီးရလာခဲ့ပါတယ်။
ကိုယ်က ကိုယ့်ဟာကိုယ် အပြစ်တင်နေတဲ့ စိတ်ကြီးရှိနေတာကြောင့် အားလုံးဟာ ဖြစ်ပျက်တွေချည်းပဲ ဆိုတာကို သဘောပေါက်လာလေလေ ကိုယ့်ဟာကိုယ် အပြစ်တင်မှု လျော့ကျလေလေပါပဲ။ တခါတလေမှာတော့ ဒါဘာကြောင့် ဖြစ်တာလဲ ဆိုပြီး လောကီမှာ အဖြေရှာမိသွားရင် ပူပန်မှုတွေ ပြန်တိုးလာတာပါပဲ။ ဒါပေမယ့် ဖြစ်ပျက် ရှုမှုက စိတ်ရောဂါကနေ သက်သာမှု ရလာစေပါတယ်။ လက်တွေ့ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ တွေပေါ်မှာလဲ တွေးမနေပဲ ပစ္စုပ္ပန်တည့်တည့်က ဖြစ်ပျက်ကို ကြည့်ခြင်းအားဖြင့် စိတ်ရောဂါဟာလဲ သက်သာ လာပါတယ်။ သက်သာလေလေ ဖြစ်ပျက် ရှုလေလေပါပဲ။ ဒါပေမယ့် ပြသနာက အနတ္တကို သေသေချာချာ နားမလည်တာပါ။ အနိစ္စကိုတော့ အတော်ကြီး သဘောပေါက်လာပါတယ်။ အဲဒီမှာ တရားနာတာ ရပ်ပြီး တရား အားထုတ်တာကိုပဲ အားစိုက်တော့မယ် ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။ ဆရာတော်ကြီး ပြောချင်တာကိုလဲ သဘော ပေါက်ခဲ့ပြီးပြီမို့ ကိုယ် ကြိုးစားဖို့ပဲ ဆိုပြီး ကြိုးစားခဲ့ပါတယ်။ ပီတိ ပသဒိသဘော ဖြစ်ပေမယ့် အဲလောက်ကြီး ထူးထူးခြားခြား မဟုတ်ပါဘူး။ ထူးပြီး ဖြစ်ပျက်မှတ်စရာ တောင် မလိုပါဘူး။ ဖြစ်ပျက်ကို တော်တော်လေး ပိုင်နိုင်သွားတော့မှပဲ အနတ္တကို သေသေချာချာ လိုက်လေ့လာပါတယ်။ လေ့လာနည်း မမှန်တော့ ကိုယ်ထင်ရာ ကိုယ့်နည်းနဲ့ ကိုယ် အတ္တမဟုတ်ကြောင်း ကိုယ့်ကိုကိုယ် ကြုံးသွင်းသလို အနတ္တကို တည့်တည့်ကြီး မြင်အောင် ဆိုပြီး ထင်သလို ကြိုးစားခဲ့ပါတယ်။ အဲဒီစာတွေကတော့ ကျနော်ရေးခဲ့တဲ့ စူဠသောတာပန် ဆိုတဲ့ စာအုပ်မှာ ဖတ်နိုင်ပါ တယ်။ (စာအုပ်မထုတ်ရသေးပါဘူး။ အီးဘွတ်ခ် အနေနဲ့ပဲရှိတာပါ)
တရားအားထုတ်သူများကို အရေးကြီးဆုံး သတိပေးချင်တာလေး တစ်ခုရှိပါတယ်။ အဲဒါကတော့ ဆရာရွေးမမှား ဖို့ပါ။ ပြီးတော့ ဆရာတစ်ယောက် ရွေးထားပြီးပြီ ဆိုလဲ သူပြောသမျှကို ပီပြင်အောင် လုပ်ပါ။ ဆရာကို ဝေဖန်တာကလဲ ကောင်းတဲ့ ကိစ္စပါပဲ။ မရှင်းတာကို တည့်မေးလိုက်ရင် ရှင်းသွားတာပါပဲ။ ကျနော့်အတွက် ကတော့ အစပထမမှာ မိုးကုတ်ဆရာတော်ကြီးကို ဆရာအဖြစ် သတ်မှတ်ပေမယ့် ဆရာတော်ကြီးက မုန်းဉာဏ် ထိပဲ ပြောပြီး မုန်းဉာဏ်နောက်မှာ ဆုံးတာကို တခါတည်း တန်းပြောပါတယ်။ အဲဒီနေရာက ကျနော့်အတွက် အဆင်မပြေပါဘူး။ အဲဒီမှာ စာဖတ်တော့မှ ဉာဏ်စဉ်အကြောင်း သေချာ သိရပြီး သင်္ခါရုပေက္ခာ ဉာဏ် လိုသေး တယ် ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။
အဲဒီမှာ အွန်လိုင်းပေါ်မှာ စာတွေ လိုက်ဖတ် ဆရာသမားများရဲ့ စာကို တလုံးရရ နားထောင်၊ ကိုယ့်ကို တခု ပြောပြရင် အကျယ်ချဲ့ပြီး ကိုယ့်ဟာကိုယ် စဉ်းစား စသဖြင့် ကြိုးစားခဲ့ရတာပါ။ ရှုဉာဏ်ကို ပြန်ရှုရတယ် ဆိုတဲ့ မိုးကုတ်ဆရာတော်ကြီး တရားကို မနာဖူးခဲ့တော့ အဲဒီနေရာမှာ တစ်နေတာကို ကျနော့်ဆရာ ကိုကောင်း ပြောပြမှ ပဲ သင်္ခါရုပေက္ခာ ဖက်ကို ရောက်သွားခဲ့တာပါ။ အဲဒီတော့ ကျနော်ကတော့ ကိုကောင်းရဲ့ သာဝကလို့ပဲခံယူ ပါတယ်။
ဘင်္ဂဉာဏ်နဲ့ ဘယဉာဏ်ကတော့ သိပ်မထူးခြားပါဘူး။ ဒါပေမယ့် ဒီဉာဏ်တွေကလဲ အရေးကြီးပါတယ်။ ဖြစ်ပျက်ကို စိတ်သထက် စိတ်အောင် မှတ်ရင်းနဲ့ နောက်ကျတော့ အပျက်တွေချည်းပဲ မြင်တော့တာက ဘင်္ဂဉာဏ်ပါ။ အဲဒီ ဉာဏ်ရင့်လာတော့မှ အပျက်ကြီးပဲမို့ ကြောက်လာတာ၊ နောက် မုန်းလာတာ ဆိုတာတွေ တက်လာတာပါပဲ။ ကျနော်ကတော့ မုန်းဉာဏ် အရမ်း မရင့်သန်ပါဘူး။ သင်္ခါရုပေက္ခာ ဉာဏ်အကြောင်း သိပြီး အဲဒီကို ဘယ်လိုသွားရမလဲ ဆိုတဲ့ အကြောင်းကိုသာ စိတ်ဝင်စားပြီး သင်္ခါရ ဆိုတဲ့ အကြောင်းတွေ လေ့လာ ဖြစ်ခဲ့ပါတယ်။
ရုပ်နာမ် အကြောင်းအကျိုးကို နားလည်စေဖို့အတွက်တော့ ပဋိစ္စသမုပါဒ်ကို သေသေချာချာ ခန္ဓာနဲ့တိုက်ပြီး အားထုတ်ခဲ့ပါသေးတယ်။ အဲဒီကမှ ပဌာန်းကလဲ အနတ္တအကြောင်း ဟောထားတယ် ဆိုတာနဲ့ ပဌာန်းကို ဘာသာပြန် ရှာဖတ်ရင်း သဘောကျသွားခဲ့ပါတယ်။ မဂ်အတွက် အများကြီး အထောက်အကူ ရခဲ့ပါတယ်။ အဲလို ပါပဲ အကြောင်းအကျိုးတွေချည်းပဲမို့ အနတ္တ ဆိုတဲ့ သဘောကိုလဲ နောက်ပိုင်းကျတော့မှ သဘောပေါက်ခဲ့ပါ တယ်။


Leave a Reply