ပထမ ဉာဏ်ဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒ ဉာဏ်ဖြစ်စဉ်က အဲဒီ ဖြစ်စဉ်ကို နာမရူပ ဉာဏ်လို့လဲ သေသေချာချာ မသိပါဘူး။ ထောက်ခံချက်ပေးမယ့် လူလည်းမရှိပါဘူး။ အဲဒီတော့ ဒီတစ်ခုတော့ မှန်တယ် ဆိုတာကို လေးလေး နက်နက် လက်ခံသွားတာပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓဘာသာရဲ့ ချို့ယွင်းချက်တွေ အများကြီး မြင်ထားလေ တော့၊ နှစ်နှစ်ကာကာ လက်ခံတာမျိုး မဟုတ်ခဲ့ပါဘူး။ တရားအားထုတ်တာပဲ လုပ်တော့မယ် ဆိုတဲ့ စိတ်ကူးမျိုးလဲ မရှိပါဘူး။ အဲဒီအချိန်က စင်္ကာပူ ထွက်ဖို့ လုပ်နေတဲ့ အချိန်ဆိုတော့ အလုပ်ကိစ္စထဲပဲ အာရုံ ပြန်ရောက်ပြီး အလုပ်ပဲ လုပ်ဖြစ်ခဲ့တာပါ။
ထူးခြားတာ တခုကတော့ စင်္ကာပူရောက်တဲ့အခါမှာ လူတိုင်းက အလုပ်အရမ်းလိုချင်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စင်္ကာပူထွက်လာတာကလဲ ချေးငှားပြီး ထွက်လာခဲ့ရတာပါ။ အိမ်ပြန်ရမယ် ဆိုရင် အသုံးမကျသူလဲ ဖြစ်ဦးမယ်၊ အကြွေးတွေလဲ ဆပ်ရဦးမှာမို့ အလုပ်ရဖို့ ဆိုတာက သေရေး ရှင်ရေးလို အရေးကြီးပါတယ်။ အဲဒီမှာ အရင်ရောက်နေတဲ့ သူငယ်ချင်းတွေက ကွမ်ရင်မယ်တော်ကျောင်းမှာ အမွှေးတိုင်ထွန်းရမယ် ကန်တော့ရမယ် အဲလိုလုပ်ရင် အလုပ်ရတတ်တယ် ဆိုတဲ့ အချိန်မှာ အင်မတန် လုပ်ချင်ပေမယ့် နာမရူပဉာဏ်ကို မှန်တယ်လို့ လက်ခံထားတဲ့ သဒ္ဓါတရားနဲ့ ငါ မြတ်စွာဘုရားကလွဲပြီး တပါးသော ဘာသာကို ကန်တော့တယ် ဆိုတာ မလုပ်နိုင် ဘူးလို့ ဆုံးဖြတ်ပြီး မလုပ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အလုပ်ရခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ဘာသာမဲ့ ဖြစ်ရတာကတော့ လူဆိုတာက ကိုယ်သိတာပဲ ပြောဆိုရင် ဗုဒ္ဓဘာသာမှာ ပြောစရာ အတော်နည်းသွားပါတယ်။ နတ်ပြည်၊ ငရဲပြည်ဆိုတာတွေကလဲ ကိုယ်မြင်ရတာ မဟုတ်ပါဘူး။ ရှိတယ် ဆိုတဲ့ သဒ္ဓါတရား (ယုံကြည်မှုနဲ့သာ) နဲ့သာ ယုံကြည်ရတဲ့ ကိစ္စတွေမို့ ဟုတ်ချင်လဲ ဟုတ်မယ် မဟုတ်ချင်လဲ မဟုတ်ဘူး လို့ ပြောရမှာပါ။ နောက်တစ်ချက်က သေပြီးရင် ဘာဖြစ်တယ် ဆိုတာကို သိသူဟာ သေပြီးသားသူသာ ဖြစ်တာမို့ ကျန်တဲ့လူတွေ ပြောသမျှ အကြုံးမဝင်ဘူးလို့ တည့်တည့်တွေးလိုက်ပြီး ဘာသာတရား ဆိုတာက လူက ရွေးချယ် ရတာ မိရိုးဖလာ ဗုဒ္ဓဘာသာ ဘဝကတော့ ကိုယ်တိုင်းစမ်းစစ်ပြီး လက်ခံထားတာ မဟုတ်တဲ့အတွက် ဘာအနှစ်သာရမှ မရှိဘူး လို့ ဆုံးဖြတ်ပြီး အရာအားလုံးကို အိုးပင်းမိုင်း (Open minded) နဲ့ လက်ခံ ပြီး စဉ်းစားမယ် ဆိုပြီး နာမည်ကြီးဘာသာတွေအပြင် တချို့ဝါဒတွေကို လေ့လာခဲ့ပါတယ်။ ကိုယ်အနှစ်သက်ဆုံးနဲ့ လက်အခံဆုံးကတော့ ဖြစ်တည်မှုပဓာနဝါဒ (လူသားပဓာနဝါဒ) ပါ။
ဒါပေမယ့်လည်း ဗုဒ္ဓဘာသာကို နောက်ဆုံးမှ လေ့လာစရာ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အသက် ၄၀ ပြည့်ရင် ရဟန်းဝတ်ပြီး လေ့လာဦးမယ်လို့ စိတ်ကူးခဲ့ပါတယ်။ တရားအားထုတ်တဲ့ အလုပ်ကို လုပ်ကြည့် စမ်းကြည့်ရမယ် လို့ စဉ်းစားခဲ့ပါတယ်။ ကျနော်က အစွန်းတဖက် ကို သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီအချိန်တုန်းကဆို သမိုင်းတွေ၊ ရူပဗေဒတွေ၊ အတွေးအခေါ်ပညာတွေ၊ အမှန်တရား ဆိုတာနဲ့ ပါတ်သက်တဲ့ အကြောင်းတွေ၊ သူတို့ရဲ့ ယဉ်ကျေးမှုတွေ (ရုပ်ရှင်တွေမှတဆင့်)၊ အနုပညာတွေ ဒါတွေ အားလုံးက စင်္ကာပူက အင်တာနက်နဲ့ တွေ့တဲ့အခါ မှာ လေ့လာစရာတွေ အများကြီး ဖြစ်လာပါတယ်။ Fact လို့ခေါ်တဲ့ မှန်ကန်ကြောင်းသက်သေပြချက် ရှိတာတွေ ကိုသာ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် လောကရဲ့ အမှန်တရား၊ လူ့ဘဝရဲ့ အဓိပ္ပါယ် ဆိုတာတွေကို အလွန့် အလွန် စိတ်ဝင်စားပါတယ်။ ကမ္ဘာပေါ်မှာ လူတိုင်းလက်ခံနိုင်မယ့် ဘုံတန်ဖိုးထား မည်သူမဆို လိုက်နာကျင့်သုံးနိုင်သော အရာ ရှိမလား ဆိုတာကို စိတ်ဝင်စားခဲ့ပါတယ်။ လောကီမှာပဲ အမှန်တရားကို ရှာနေမိတယ် ဆိုတာကိုလဲ ကိုယ့်ဟာကိုယ် သဘောမပေါက်ပါဘူး။ တရားအားထုတ်တာနဲ့ ပါတ်သက်ရင် နကန်း တလုံးမှ မသိပါဘူး။
နာမရူပဉာဏ်ဆိုတာကလဲ အဲလိုရှုရမယ်လို့ သိပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အတွက် အင်မတန် ထူးခြားသော မမေ့နိုင်သော အတွေ့အကြုံလို့ပဲ ပြောရမှာပါပဲ။ ဒါလေးကို သဘောကျပေမယ့် ကျန်တဲ့ အယူဝါဒ တွေကိုလဲ ထိုက်တန်တဲ့ အလေးထားမှု ပေးရမယ် ဆိုပြီး အယူတွေပေါ်မှာ မျှတစွာ လေ့လာခဲ့ပါတယ်။
ကျနော့်အနေနဲ့က အယူဝါဒ တစ်ခုကို လက်ခံတယ် ဆိုတာ ဖြစ်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ကျနော် လက်ခံတယ် ဆိုရင်လဲ အဲဒီအယူဝါဒက ငြင်းစရာ မရှိလို့ပါလို့ပဲ ပြောရမှာပါ။ အဲဒီအချိန်ကတည်းက နောက်ဘဝ နဲ့ပါတ်သက်တဲ့ နိုင်ငံခြားတက္ကသိုလ်ရဲ့ နှစ် ၅၀ ကျော်ကြာ သုသေတန ကို ကြည့်လိုက်မိတော့ ဗုဒ္ဓဘာသာကို အမှတ် ပေးထားခဲ့ပါတယ်။ အဲဒီနောက် လောကီ ကိစ္စတွေကတော့ သိပ်အကျိုးမများလို့ မပြောတော့ပါဘူး။
ဒုတိယ ဉာဏ်ကို ရလိုက်တာကလဲ အဲလို သဘောမျိုးပါပဲ။ ဒုတိယဉာဏ်ကို ဘယ်လိုရှုမှတ်ရမယ် ဆိုတာကို မသိပါဘူး။ ဒါပေမယ့် အကြောင်းအကျိုး သိမ်းဆည်းသိသောဉာဏ် ဆိုတာကိုတော့ သိပါတယ်။ ဒါပေမယ့် အဲဒါကို ဦးတည်ပြီး မကြိုးစားခဲ့ပါဘူး။ တရက် လက်ဖက်ရည်သွားသောက်ရင်းနဲ့မှ လက်ဖက်ရည်ခွက်လို့ မှတ်မိ တာဟာ တကယ်တော့ ငယ်စဉ်က လက်ဖက်ရည်ခွက်လို့ သင်ကြားခဲ့တဲ့ သညာ (မှတ်သားမှု) ကြောင့် ဆိုတာကို သဘောပေါက်လိုက်ပါတယ်။ အဲဒီမှာ အကုန်လုံးကို ဖြန့်ပြီး ဖြစ်သမျှ စိတ်တွေကို အကြောင်းအကျိုးတွေ လိုက်စဉ်းစားပါတော့တယ်။ အဲဒီတော့မှ ရုပ်နာမ် အကြောင်းအကျိုးတွေ ချည်းပဲ ဆိုတာကို သဘောပေါက် ပြီး နားလည်သွားတာပါ။ အဲဒီဉာဏ်လေး ရလိုက်တဲ့အချိန်မှာ ပီတိသဘောမျိုးလေး ဖြစ်ပါတယ်။ ရှေ့ဆက်ဖို့အတွက် လဲ လမ်းကြောင်း ပွင့်သွားပါတော့တယ်။
မိတ်ဆွေတို့ အနေနဲ့က ကျနော့်အတွေ့အကြုံနဲ့ ဖြတ်လာတဲ့ လမ်းပေါ်မူတည်ပြီး ကျနော့်လို မကြာရအောင် အတတ်နိုင်ဆုံး လမ်းပြခြင်း ခံရတာမို့ ကိုယ့်ဖက်က အားလေးစိုက်ပြီး စာတွေကို များများ ဖတ်ပေးပါ လို့ပဲ ပြောပါရစေ။ ဆက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply