ဒါဟာ လောကီမှာ ကျနော် သုံးနေကြတဲ့ မှန်တယ်လို့ လက်ခံထားတဲ့ စကားပုံ တခုပါပဲ။ လူတယောက် သူကောင်းကြောင်း သူတော်ကြောင်း စသဖြင့် ကိုယ်တိုင် ပြောတာဟာ သင့်တော်တဲ့အလုပ်မဟုတ်၊ ထိုကဲ့သို့ လုပ်သောသူကို သူတော်ကောင်းဟု မသတ်မှတ်ပဲ သူတော်ကောင်းမဟုတ်ဟု သတ်မှတ်ရမည် ဆိုသော သဘော ဖြစ်ပါတယ်။

ဒါကို ကျနော် မှန်တယ် မှားတယ် မပြောလိုပါဘူး။ မှန်တဲ့ အခါလဲ မှန်ပါလိမ့်မယ်။ ယေဘုယျအားဖြင့် မှန်တယ် လို့လဲ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစကားနဲ့ ပါတ်သက်ပြီး ကျနော် ငယ်ငယ်က မှတ်မှတ်ရရ ဘုရားဆိုတာဟာ ဘာဂုဏ်တွေ ရှိတယ် ဘယ်လိုကြည်ညိုစရာတွေကောင်းတယ် စသဖြင့် စသဖြင့်တွေ ပြောတဲ့အခါကျတော့ အဲဒါ‌တွေက ဘယ်သူက ပြောတာလဲလို့ မေးကြည့်ဖူးပါတယ်။ ဘုရားကပဲ ပြောတာဆိုတော့ စိတ်ထဲမှာ အခုပြောတဲ့စကားပုံကိုပဲ သတိရလိုက်ပြီး မသက်မသာ ခံစားရပါတယ်။ ဘုရားကိုလဲ ဘာကြီးလဲလို့ စိတ်ထဲ ထင်မိပါတယ်။ ကိုယ့်ဟာကိုယ် ဇိန တို့ ဘုရားတို့ သဗ္ဗညုတဉာဏ်တော်တို့ ကိလေသာကင်းစင်တယ်တို့ သူတော်ကောင်းဆိုတာ ဘယ်လိုတို့ ဘုရားဆိုတာ ဘယ်လိုတင့်တယ်တယ် တို့ ပူဇော်ခံထိုက်တယ်တို့ လောကမှ အမြတ်ဆုံးတို့ စသဖြင့် စသဖြင့် တွေ ပြောတာ နောက်ဆုံးဟုတ်သည့်တိုင်အောင် သူမျက်နှာမပူဘူးလားလို့ ကလေးတုန်းက တွေးမိခဲ့ဖူးပါတယ်။ အဲဒါကြောင့်လဲ ဘုရားနဲ့ ခပ်ခွာခွာနေတယ် ဆိုတာ ဖြစ်ခဲ့တာပါပဲ။

ဒါပေမယ့် နောက်ပိုင်းကျမှ နားလည်လာခဲ့တယ်။ လောကမှာ ပညာ နုံ့နဲမှုတွေ ဖုံးလွှမ်းပြီး ဘယ်ဟာအမှား ဘယ်ဟာ အမှန်ဆိုတာကိုပါ သေသေချာချာ မသိတော့တဲ့အချိန်၊ ဘယ်အရာတွေဟာ လေးစားအပ်ပြီး ဘယ်အရာတွေဟာ အလေးအမြတ်ပြုအပ်တယ် ဆိုတာတွေကို မသိတဲ့အချိန်၊ ဘုရားဆိုတာ ဘာမှန်းမသိတဲ့ အချိန်၊ ကိလေသာဆိုတာ ဘာမှန်းမသိတဲ့အချိန်၊ စင်ကြယ်ခြင်းဆိုတာကိုလဲ မသိကြတဲ့အချိန်၊ သူတော်ကောင်းဆိုတာကိုလဲ မသိတဲ့အချိန်၊ သဗ္ဗညုတဉာဏ်တော် ဆိုတာကိုလဲ နားမလည်တော့တဲ့ အချိန်မှာ ပုထုဇဉ်တွေလို လာဘသက္ကာယအတွက်၊ နာမည်ဂုဏ်သတင်းအတွက်၊ ကျော်ကြားမှုအတွက်၊ အောင်မြင်မှု အတွက် မဟုတ်ပဲ လူသားတွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖြစ်စေဖို့အတွက် အမြင်အမျိုးမျိုးပေါ်မှာ နားလည် သည်းခံသောစိတ်နဲ့ သတ္တဝါတွေရဲ့ အကျိုးကျေးဇူးအတွက် ရှင်းပြရတာပဲ ဆိုတာကို သဘောပေါက် လာခဲ့ပါတယ်။ ဒါဟာ ပညာရဲ့ အမြင့်ဆုံး အဆင့်လို့ ပြောနိုင်ပါတယ်။

ဒီလိုနဲ့ သေသေချာချာ တရားအားထုတ်ပြီး မဂ်ကျတဲ့အချိန်မှာ ကျနော်ဖွင့်ပြောမလား ဆိုတာကို စဉ်းစားခဲ့ပါ တယ်။ ကျနော် သေသေချာချာ အဲဒီကတည်းက သိတာက တစ် အချက် မြတ်စွာဘုရားက ရဟန်းတွေကို လူ သို့မဟုတ် သာမဏေကို ဖွင့်မပြောရဘူးလို့ ပြောထားတယ် ဆိုတာသိပါတယ်။ လူမှာတော့ ဘာသတ်မှတ်ချက် မှ မဖတ်ဖူးခဲ့ပါဘူး။ (ဒါပေမယ့် မိမိကိုယ်တိုင် ပြောလိုက ပြောနိုင်သည် ဆိုတဲ့စကား ဟောထားမှန်းတော့ မသိပါဘူး။) နှစ်အချက် အခြေအနေဟာ အကုန်လုံး ကမောက်ကမတွေ ဖြစ်နေပါတယ်။ လွတ်သင့်ပါလျက်နဲ့ မလွတ်အောင် ဘုန်းကြီးတွေကိုယ်တိုင်က ဒုက္ခပေးထားပါတယ်။ ဒါကို ပြောဖို့အတွက် အားတခု လိုအပ်တယ် ဆိုတာကို သဘောပေါက်ပါတယ်။ သုံးအချက် ဒါကတော့ အရေးကြီးပါတယ်။ ကျနော် စာ အတော်ဖတ်ဖူး ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ကျနော်တို့ အရှေ့တိုင်းမှာ ဒီလို တရားအားထုတ်တယ် ဆိုတဲ့ ကိစ္စမျိုးတွေ နဲ့ပါတ်သက်ရင် အခြေအနေတခုကို ရောက်သလို ပြောတယ် အဲဒီမှာပဲ နိဂုံးချုပ်သွားတယ် ဆိုတာပဲ များပါတယ်။ ဒါကို ကျနော် ဘုရားဟောတာတွေ မဟောတာတွေနဲ့ မဆိုင် လူသားတဦး အမြင်အရ မနှစ်သက်ပါဘူး။ အတွေ့အကြုံဆိုတာ အသိပညာဆိုတာ ဝေမျှ ရပါတယ်။ အဲလို ဝေမျှတတ်တဲ့ ပါတ်ဝန်းကျင်တွေသာ တိုးတက် တတ်ပါတယ်။ ဒါကြောင့် အဲလိုမျိုးပဲ ကိုယ်လဲ ဖွင့်မပြောပဲ ဟိုလိုလို ဒီလိုလို လုပ်နေရမယ် ဆိုတာကို လုံးဝ လက်မခံနိုင်ပါဘူး။ ပြောဖို့ပဲ အားသန်ပါတယ်။

လေးအချက် ဒီလိုမပြောရဘူးဆိုတဲ့ သဘောက လယ်တီဆရာတော်က စတဲ့ကိစ္စလို့ မြင်ပြီး လယ်တီဆရာတော်ဟာ လက်ဝဲရံ ဆုပန်သူမို့ (ပုထုဇဉ်မို့) သူ့စကား တွေဟာ နှစ်ခါစဉ်းစားသင့်တဲ့ စကားတွေလို့ မြင်ပါတယ်။ တနည်းအားဖြင့် သူဟာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး ဆိုတာကို နားလည်ပြီး ဒီအယူအဆကို ရှင်းပစ်ချင်ပါတယ်။ ငါးအချက် ဒါကတော့ ကျနော် ပုံစံ နဲ့ဆိုင်ပါတယ်။ ကျနော်က Software Developer ပါ။ Software Developer ဆိုတာ နာမည်မကြီးချင်ဆုံး လူတွေပါ။ အေးဆေး ပဲ နေချင်လို့ကို ဒီအလုပ် လုပ်နေတာပါ။ လူတွေနဲ့ စကားမပြောချင်လို့ ကွန်ပျူတာနဲ့ပဲ စကားပြောပြီး ပိုက်ဆံရှာနေတဲ့သူတွေပါ။ အလုပ်ကိုပဲ စိတ်ဝင်စားပါတယ်။ ဒီတရားကိစ္စကိုလဲ အလုပ်တခုလို သဘောထားပြီး လုပ်တာပါ။ အလုပ်မှာ ပြီးမြောက်သွားတဲ့အခါ Software Developer ရဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် အခုတရား ကိစ္စမှာတော့ ကျနော်ပဲ လုပ်ခဲ့တဲ့အလုပ်ကို ရှင်းလင်းပြီး လူများများဆီရောက်အောင် ကြော်ငြာတာ စတဲ့ကိစ္စတွေကိုပါ လုပ်ရမယ် ဆိုတဲ့သဘော ရှိနေတာပါ။ အဲဒီတော့ ကိုယ့်စိတ်ကို ကိုယ် တွန်းလှန်ပြီး အလုပ်ပြီး မြောက်ဖို့အတွက် အလုပ်ရဲ့ အကျိုးကျေးဇူး ရလာဒ် အပြည့်အဝ ဖြစ်ဖို့အတွက် လူသိခံပြီး ရေးရမယ် ဆိုတာကို လက်ခံထားတာပါ။

ခြောက်အချက်ကတော့ လောကဓမ္မ အရ ရဟန်းမဟုတ်တဲ့ ပုထုဇဉ် လူသားတယောက်ဟာ မကောင်းမှုကို လုပ်တာ မဟုတ်ပဲ ကောင်းမှုကို ကြိုးစားရင် ရလာတဲ့ အကျိုးရလာဒ် အပေါ်မှာ ရှက်ရွံနေရမယ် ဆိုရင် အဲဒီလောကဟာ ပျက်နေပြီ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ မဟုတ်တာ လုပ်ပြီး အောင်မြင်မှု အပေါ်မှာ ဂုဏ်ယူနေကြပြီး ဒါကို ရှက်စရာလို့ မသတ်မှတ် ဂုဏ်ယူစရာလို့ သတ်မှတ်ပြီး၊ ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယ ပညာ သီလ တို့ရဲ့ အောင်မြင်မှု အပေါ်မှာတော့ ရှက်စရာလို့ သတ်မှတ်နေမယ် မြင်နေမယ် ဆိုရင်တော့ အဲဒီလောက ဟာ အဆိုးဆုံး ထိသွားတော့မယ့် လောကပါပဲ။ တရားအားထုတ်တယ် ဆိုတာကလဲ သီလဖေါက်ပြီး အားထုတ်နေတာ မဟုတ်၊ တရားအားထုတ်ပြီး နားလည်မှု ရသွာတဲ့အခါ သရဏဂုံတည်သွားတဲ့အခါ သီလတွေ လုံခြုံသွားတဲ့အခါမှာ ဒါကို ရှက်ရမယ်ဆိုရင်တော့ ဒါဟာ တခုခုတော့ မှားနေပြီ လို့ ပြနေတာပါပဲ။ ဒါကြောင့် စိတ်ထဲမှာ ဘယ်လိုခံစားရ ခံစားရ လောက ဓမ္မအရ တကမ္ဘာလုံး Yes ဆိုလဲ ကိုယ်ကတော့ No ပဲလို့ ဆုံးဖြတ်ထားပါတယ်။

ခုနှစ်အချက်က မဂ်ကျပြီးတဲ့အခါ လောကကို ပုံစံတမျိုးနဲ့ မြင်ပါတယ်။ ဂုဏ်ဆိုတာ ရူးသွပ်မှုလို့ မြင်ပါတယ်။၊ ဒါပေမယ့် အဲဒီအပေါ်ကနေ အကျိုးရှိမှု ရှိတတ်တယ် ဆိုတာကိုလဲ မငြင်းပါဘူး။ ကပ်ငြိမှု မရှိတဲ့ စိတ်နဲ့ အကျိုးကျေးဇူး အများဆုံး ဖြစ်အောင် သီလ မပေါက်က အသုံးပြုအပ်တယ်လို့ မြင်ပါတယ်။ သမုတိ အပေါ်မှာ ခိုင်မြဲတယ် ဆိုတဲ့သာယာမှု၊ ငါခံစားရတယ် ငါဂုဏ်ရှိတယ် ဆိုတဲ့သာယာမှု မရှိပါဘူး။ ကျနော့် ဝါသနာ အရ Optimize အဖြစ်ဆုံးကို လုပ်ချင်စိတ်သာ ရှိပါတယ်။ အလိုနည်းသော ဂုဏ်ဆိုတာက အဲဒါကို ပြောတာပါ။ ဥပမာ အရူးအချင်းချင်း စိတ်ကူးနဲ့ ထီဖွင့်နေကြတာကို အရူးသာ ထိုးပြီး ပေါက်ရင် ပျော်မှာပေါ့။ အရူးပျောက်သွားတဲ့ သူက အဲဒီထဲမှာ ပါရမှာတောင် ရှက်နေဦးမှာပါ။ ဒါကြောင့်လဲ ဖွင့်ပြောရခက်နေကြတာပါ။ အရူးတွေက ကိုယ့်ကို ထီပေါက်သလို ဆက်ဆံကြတာကို မခံနိုင်တဲ့သဘောပါ။ ဒါပေမယ့်လည်း လိုအပ်တဲ့ သည်းခံနိုင်မှု ကိုယ့်မှာ ရှိတယ်လို့ ထင်မိပါတယ်။

နောက်တချက်ကတော့ အသက်မွေးမှုပါ။ ကျနော့်အတွက် ကိုရင်သွားဝတ်ပြီး အေးအေးနေမလား ဒါမှမဟုတ် အူလည်လည် Developer ပြန်လုပ်မလား၊ စာရေးစားမလား ဆိုတဲ့ ရွေးစရာ သုံးခုပဲ ရှိပါတယ်။ ကာမဂုဏ် ကို လုံးဝ မစွန့်နိုင် မကောင်းတဲ့ အပါယ်ကျစေတဲ့ အကုသိုလ် စိတ်တွေ မဖြစ်တော့တာမို့ ကာမဂုဏ်ကို စိတ်ရှိသလို အပြစ်ကင်းစွာ ခံစားနိုင်တဲ့ အခြေအနေ ရောက်နေပြီမို့ အပြည့်အဝလဲ အသုံးချ ချင်ပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ အလုပ်ကြိုးစားမှု နဲ့ ဉာဏ်ပညာ လုံလောက်တယ်လို့ ယူဆပါတယ်။ ကိုယ့်ရဲ့ အလုပ် (စာတွေ) ဟာ မျှော်လင့် ထားတာထက် အများကြီး တန်ဖိုးရှိသွားမယ် ဆိုတာကို သဘောပေါက်ပြီး ငါတော့ အကြွေးတွေ အကုန်ဆပ်ပြီး ထောရချည်ရဲ့ ဆိုတာမျိုးလဲ စဉ်းစားထားတာ အမှန်ပါ။ ပိုက်ဆံဆိုတာဟာ တန်ဖိုးကို ကိုယ်စား ပြုတာ ဖြစ်တဲ့အတွက် လောကမှာ တန်ဖိုး ရှိတာ တခုခုကို လုပ်ခဲ့ရင် သူနဲ့ ညီမျှတဲ့ ပိုက်ဆံဟာ ရောက်လာ ရမှာ သဘာဝပဲ ဆိုတဲ့ လောကီ အယူအဆ တခုကို သဘောကျပါတယ်။ အဲဒါသာ အမှန်ဖြစ်ရင်တော့ ကိုယ် တန်ဖိုး အရှိဆုံး ဖြစ်တဲ့ကိစ္စကို ပေးနိုင်နေတာပဲမို့ အချိန်ချိန်မှာ အတော်လေး ထောလာမယ်လို့ လက်ခံထားပါတယ်။

နောက်ဆုံးအချက်ကတော့ ဒီတရား တွေကို လူများများဆီရောက်ဖို့ (တနည်း) ကိုယ်ယုံကြည်သော လူ့လောက ကောင်းကျိုး အတွက်က ငွေကြေးကို ကြားခံအဖြစ် အသုံးပြုဖို့လိုပါတယ်။ ဒီအတွက် သောတာပန်ကို လှူချင်သူ များ လှူကြရင်လဲ ဒီပိုက်ဆံတွေကို အကောင်းဆုံး အသုံးချနိုင်တယ်လို့ သဘောပိုက်မိပါတယ်။ လူတွေ အနေနဲ့လည်း ကိုယ့်ကို ယုံကြည်တဲ့အခါမှာ သူတို့ အနေနဲ့ ဒီစာတွေကို လူများများဆီရောက်အောင် ပိုဖို့အတွက် ငွေကြေးတွေ ပေးကြလိမ့်မယ်။ (ကိုယ့်အတွက်လဲ Content Fee ပေးကြလိမ့်မယ်) မျှော်လင့်ပြီး အဲဒီလို ဖြစ်ခဲ့ မယ်ဆိုရင် အားလုံးအတွက် ကုသိုလ်တွေ တိုးပွားရာ နေရာ တခုဖြစ်လာမယ်လို့ မျှော်လင့်တာလဲ ပါပါတယ်။

နောက်တချက်ကတော့ သံဃာတွေ သရဏဂုံ အစစ်အမှန်တည်ဖို့ပါ။ သံဃာတွေကို ပြောတဲ့အခါမှာ ပုထုဇဉ် က ပြောတာနဲ့ အရိယာက ပြောတာနဲ့ကြားမှာ အရိယာပြောတာကို သံဃာတွေ ပိုအလေးအနက်ထားမယ်လို့ ယူဆတာကြောင့်လဲ ဖွင့်ပြောဖြစ်ခဲ့တာပါ။

အဲဒီတော့ ကိုယ့်ဂုဏ် ကိုယ်ဖေါ် မသူတော် ဆိုတဲ့ စကားပုံနဲ့ ပါတ်သက်ပြီး ပြောရရင် သူတော်ကောင်းလို့ သတ်မှတ်တာသည် အဓိက အချက်က ကာယာဒုစရိုက်သုံးပါး အသက်နဲ့လဲ ရှောင်ကြည်ခြင်းနဲ့ ဣဿာ ခေါ်တဲ့ မနာလိုစိတ်၊ မစ္ဆရိယ ခေါ်တဲ့ မိမိရတဲ့ ကာမဂုဏ်ကို သူတပါး မရစေလိုစိတ်၊ သူတပါး ဥစ္စာကို မိမိဟာ ဖြစ်ပါစေလို့ ကြံစည်တဲ့စိတ်၊ သူတပါးကို ပျက်စီးစေလိုတဲ့စိတ် ဒီလိုစိတ်တွေ မရှိတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီလို မကောင်းတဲ့စိတ်တွေ မဖြစ်တဲ့အတွက် ဖြူစင်သောစိတ် ဆိုတာ ဖြစ်လာတဲ့ သဘောကိုပဲ သူတော်ကောင်းလို့ ခေါ်တာ ဖြစ်ပါတယ်။ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့အထဲက စိတ်ဖြူစင်မှု ဆိုတာ ဒါကို ပြောတာပါ။ အဲဒီတော့ မုသား မဖြစ်သော သိမှုအတွက် ရှင်းပြရန် လိုအပ်သော မိမိ၏ဂုဏ် အရည်အချင်းကို မိမိကိုယ်တိုင် စမ်းစစ်ပြီး အရှိအရှိအတိုင်း ပြောပြတာ တခုနဲ့တော့ အပေါ်မှာ ပြောခဲ့တဲ့ ဖြူစင်သော စိတ်ရှိသူဟာ မသူတော် ဖြစ်မသွားပါဘူး လို့ပဲ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *